ရန်ကုန်တိုင်းဒေသကြီးအတွင်း SMEလုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်က အတိုးနှုန်း ကိုးရာခိုင်နှုန်းဖြင့် ထုတ်ချေးလျက်ရှိပြီး ထောက်ခံချက်များ ဖြေလျှော့ထားဟုဆို

ရန်ကုန်တိုင်းဒေသကြီးအတွင်း SMEလုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်က အတိုးနှုန်း ကိုးရာခိုင်နှုန်းဖြင့် ထုတ်ချေးလျက်ရှိပြီး ထောက်ခံချက်များ ဖြေလျှော့ထားဟုဆို
Published 19 May 2018

သာကေတမြို့နယ်တွင် SME လုပ်ငန်းများအတွက် အသိအမှတ်ပြု ကတ်ပြားများ ထုတ်ပေးနေစဉ် (ဓာတ်ပုံ-ဇော်မင်းနိုင်)

ရန်ကုန်တိုင်းအတွင်းရှိ SME လုပ်ငန်းများအတွက် မြန်မာ့စီးပွားရေးဘဏ်က အတိုးနှုန်း ကိုးရာခိုင်နှုန်းဖြင့် ထုတ်ချေးလျက်ရှိပြီး ထောက်ခံချက်များအား ဖြေလျှော့ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၏ ပြောကြားချက်အရ သိရသည်။

ကျောက်တံတားမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြလှစံက “ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အသေးစားနှင့် အလတ်စား ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ရင်းနှီးမြှုပ်နံှမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် မည်ကဲ့သို့ ကူညီပံ့ပိုးမှုများ လုပ်ဆောင်နေသည်ကို  သိရှိလိုကြောင်း” တိုင်းဒေသကြီးလွှတ်တော်၌ မေးမြန်းမှုနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

“မြန်မာ့စီးပွားရေးဘဏ်ချေးငွေ ထောက်ခံချက်အတွက် ယခင်က တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ထောက်ခံချက်အစား တိုင်းဒေသကြီး အစိုးရအဖွဲ့ ထောက်ခံချက် (သို့မဟုတ်) တိုင်းဒေသကြီးရဲ့ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီရဲ့ ထောက်ခံချက်နဲ့ပဲ ချေးငွေထုတ်ပေးဖို့အတွက် ဖြေလျှော့ထားပေးပြီး ဖြစ်ပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

မြန်မာ့စီးပွားရေးဘဏ် (ရုံးချုပ်) ၏ ညွှန်ကြားချက်အရ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ နှစ်လတ်ချေးငွေများကို အတိုးနှုန်း ကိုးရာခိုင်နှုန်းဖြင့် သက်တမ်းသုံးနှစ်မှ ငါးနှစ်အထိ ထုတ်ချေးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ် အနေဖြင့် ဘဏ်ခွဲ (၃) မှအသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း သုံးခုသို့ ကျန်သိန်း ၇၀၀ ထုတ်ချေးပေးပြီးဖြစ်ကြောင်း ဝန်ကြီးက ဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၄၁ မြို့နယ်မှ လုပ်ငန်းပေါင်း ၂၉၆၅၉ ခုအတွက် SME စိစစ်ရေးကတ်များ ထုတ်ပေးထားကြောင်း သိရသည်။

အဆိုပါ ကောက်ယူရရှိသော စာရင်းများမှ အသေးစားနှင့် အလတ်စား SME Data Center တစ်ခုထူထောင်ရန် ရည်ရွယ်ထားကြောင်း၊ SME လုပ်ငန်းများအနက်မှ မည်သည့်လုပ်ငန်းများကို စတင်မြှင့်တင်ပေးရမည်ကို ဆုံးဖြတ်ပေးခြင်းနှင့် ချေးငွေရယူရန် စီစဉ်ပေးခြင်းတို့ကို ရန်ကုန်မြို့တော်ဘဏ်နှင့် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးမှုဘဏ်တို့ဖြင့် ချိတ်ဆက်ကူညီ ဆောင်ရွက်သွားရန် ပထမအဆင့်အနေဖြင့် စီစဉ်ထားကြောင်း၊ အလားအလာရှိသည့် စီးပွားရေးလုပ်ငန်း ၁၀၀ ခန့်ကို ရွေးချယ်၍ ချေးငွေထုတ်ချေးမည့် အစီအစဉ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးဌာန အနေဖြင့် ဝင်ငွေနည်း လက်လုပ်လက်စားများ၊ လက်လီဆိုင်များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုလက်မှုနှင့် ကုန်ထုတ်လုပ်မှု အငယ်စား လုပ်ငန်းများအား ကျပ်ငါးသောင်းမှ သိန်း ၁၀၀ အထိ တစ်လလျှင် အတိုးနှုန်း ၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးနေကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့တော်ဘဏ်လီမိတက် (Yangon City Bank Ltd) အနေဖြင့် စီးပွားရေးလုပ်ငန်းများအား အာမခံ ပစ္စည်းတန်ဖိုးပေါ်မူတည်၍ တစ်နှစ်အတိုးနှုန်း (၁၃ ရာခိုင်နှုန်း) ဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ရင်းနှီးမြှုပ်နှံငွေများ ရရှိနိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် အစိုးရဘဏ်၊ ပုဂ္ဂလိကဘဏ်များနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက် လျက်ရှိကြောင်း ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

Most Read

Most Recent