အမြန်လမ်းတွင် ဆရာမများစီးလာသည့် လိုက်ထရပ်ယာဉ်အား ပရိုဘောက်ယာဉ်က နောက်မှ ဝင်တိုက်မိပြီး ဆရာမ ၁၁ ဦးခန့် ထိခိုက်ဒဏ်ရာရ

အမြန်လမ်းတွင် ဆရာမများစီးလာသည့် လိုက်ထရပ်ယာဉ်အား ပရိုဘောက်ယာဉ်က နောက်မှ ဝင်တိုက်မိပြီး ဆရာမ ၁၁ ဦးခန့် ထိခိုက်ဒဏ်ရာရ
Published 18 May 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၅၃ မိုင်အနီးတွင် မေ ၁၈ ရက် နံနက် ၈ နာရီခန့်က တောင်ငူမြို့တွင် သင်တန်းတက်ပြီး ပြန်လာသော ဆရာမများ စုပေါင်းစီးလာသည့် လိုက်ထရပ်ယာဉ်အား နောက်မှမောင်းလာသော ပရိုဘောက်ယာဉ်က ဝင်တိုက်မိရာမှ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ဆရာမ ၁၁ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ အခုလောလောဆယ် ဆေးရုံတွေ ပို့နေတုန်းပဲ၊ လူနာတွေစီစစ်နေတုန်းပဲ၊ နောက်ကပရိုဘောက်က ဝင်တိုက်တာ၊ ဆရာမတွေက လိုက်ထရပ်က ရှေ့ကသွားနေတာ၊ ဆရာမတွေ နည်းနည်းပါးပါးတော့ ထိခိုက်ဒဏ်ရာရရှိတယ်၊ သေဆုံးတာတော့ မရှိပါဘူး၊ သူတို့ကို ပဲခူးဆေးရုံကို ပို့ထားပါတယ်၊ လောလောဆယ်တော့ ကျွန်တော်တို့ စီစစ်နေတုန်းပဲ” ဟု ဘောနီအမြန်လမ်းမကြီး ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရှေ့မှအတိုက်ခံရသော လိုက်ထရပ်ယာဉ်မှာ တောင်ငူမြို့တွင် သင်တန်းတက်ပြီးပြန်လာသော ဆရာမများ စုပေါင်းပြန်လာခြင်းဖြစ်ကာ ဆရာမ ၁၄ ဦးခန့် ပါလာကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ ၁၁ ဦးခန့်ရှပြီး ၈ ဦးခန့်မှ ပဲခူးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ နားရွက်ပြတ် ထိခိုက်ဒဏ်ရာ ရရှိသူများရှိကြောင်း နှင့် လူသေဆုံးမှု မရှိကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် လိုက်ထရပ်ယာဉ်မှာ လမ်းမပေါ်တွင် တိမ်းမှောက်ခဲ့ပြီး ပရိုဘောက်မှာ လမ်းလယ် ကျွန်းပေါ်သို့ ကျော်လွန်ကာ တစ်ဖက်ယာဉ်ကြောဘက်သို့ ရောက်ရှိတိမ်းမှောက် သွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာ ရရှိသူများအား ပဲခူးဆေးရုံကြီးသို့ ဘောနီအမြန်လမ်းမကြီးရဲစခန်းနှင့် မီးသတ်စခန်း တာဝန်ရှိသူများက ပို့ဆောင်ပေးခဲ့ကြကြောင်း၊ အခင်းဖြစ်နေရာသို့ ကူညီရန် သွားရောက်ခဲ့သည့် ဘုရားကြီးမြို့ အရန်မီးသတ်စခန်းမှ တပ်ခွဲမှူးဦးလှစိုးဦးက ပြောကြားသည်။

 

Most Read

Most Recent