ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းကားပြေးဆွဲရန် အစိုးရနှင့် သဘောတူထားသည့် ကုမ္ပဏီမှ ကျောင်းကြိုပို့ယာဉ်များကို အစိုးရထံ ပြန်အပ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းကားပြေးဆွဲရန် အစိုးရနှင့် သဘောတူထားသည့် ကုမ္ပဏီမှ ကျောင်းကြိုပို့ယာဉ်များကို အစိုးရထံ ပြန်အပ်
Published 18 May 2018

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းကားပြေးဆွဲမည့် ကုမ္ပဏီက ကျောင်းကြိုပို့ယာဉ်များကို အစိုးရထံ ပြန်လည်အပ်နှံခဲ့ပြီး YRTA မှ ကြီးကြပ်၍ ပြေးဆွဲမည်ဖြစ်ကြောင်း YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က မေ ၁၇ ရက်တွင် ပြောကြားသည်။

ကျောင်းကားစီးနင်းသည့် ကျောင်းသား ကျောင်းသူများ၏ လုံခြုံရေးအတွက် နောက်ပွင့်ယာဉ်များဖြင့် ကျောင်းကားပြေးဆွဲခြင်းအား ခွင့်ပြုတော့မည်မဟုတ်ကြောင်း လွန်ခဲ့သောတစ်နှစ်ကျော်ခန့်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ညွှန်ကြားထားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ဆောင်ရွက်ရာတွင် အစိုးရမှ ပုဂ္ဂလိကကုမ္ပဏီတစ်ခုဖြစ်သည့် Golden Hand ကုမ္ပဏီနှင့် သဘောတူညီခဲ့သော်လည်း လက်ရှိတွင် အဆိုပါကုမ္ပဏီတွင် အားနည်းချက်များ ရှိနေသည်ဟုဆိုကာ ကျောင်းကားပြေးဆွဲခြင်းအား ရုပ်သိမ်းခဲ့ပြီး ကျောင်းကားများကို YRTA မှ တာဝန်ယူပြေးဆွဲပေးမည်ဖြစ်ကြောင်း ဒေါက်တာမောင်အောင်က ပြောကြားသည်။

“လောလောဆယ်တော့ YRTA က ကြီးကြပ်ပြီးတော့ ပြေးမှာပါ။ သူတို့ဘက်က အားနည်းချက်တွေ အများကြီးရှိတယ်လေ။ တခြားကုမ္ပဏီကိုလွဲှဖို့ လောလောဆယ်တော့ မရှိသေးပါဘူး” ဟု YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆက်လက်ပြောကြားသည်။

ကျောင်းကားပြေးဆွဲမှုအား ယခင်စာသင်နှစ်တွင် စတင်ဆောင်ရွက်ရန် စီစဉ်ခဲ့သော်လည်း အခက်အခဲများကြောင့် ပြေးဆွဲခြင်းမပြုနိုင်ခဲ့ကြောင်း သိရသည်။

ကျောင်းကားအစီး ၂၀၀ ဝယ်ယူရာတွင် ကျပ် ၁၀ ဘီလျံကျော်ကုန်ကျခံ၍ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုစာသင်နှစ်တွင် ကျောင်းကြိုပို့ယာဉ်များအဖြစ် မီနီဘတ်စ်နှင့် မိုက်ခရိုဘတ်စ်များကိုသာ ပြေးဆွဲခွင့်ပြုမည်ဖြစ်ပြီး အခြားယာဉ်များဖြင့် ပြေးဆွဲခွင့်မပြုကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ သိရသည်။

ရန်ကုန်မြို့တွင် ယာဉ်ကြောကြပ်တည်းမှုများ ဖြေလျှော့နိုင်ရန်အတွက် ကျောင်းကားများကို ပြေးဆွဲရန် စီစဉ်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့မှ ပြောကြားထားသော်လည်း လက်ရှိတွင် ကျောင်းအများစုတွင် ပြေးဆွဲနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ကျောင်းကား စတင်ပြေးဆွဲနိုင်ရန် ဆောင်ရွက်စဉ်က ကျောင်းများတွင် ပြေးဆွဲနေသည့် ကျောင်းကားများ၊ မိဘများနှင့် သက်ဆိုင်ရာ ကျောင်းတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းကြိုပို့ကားများအား အဝါရောင်သတ်မှတ်ထားပြီး ဘယ်မောင်း၊ ယာဉ်၏ညာဘက်တွင် အတက်အဆင်းတံခါးပေါက်နှင့် လုံခြုံစိတ်ချရသော သော့စနစ်များ တပ်ဆင်ရမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သတ်မှတ်ထားကြောင်း သိရသည်။

အလားတူ ကျောင်းကားများအရှေ့နှင့် အနောက်ဘက်တွင် School Bus စာသား၊ ကျောင်းအမည်နှင့် တယ်လီဖုန်းနံပါတ်များ ရေးထားရမည်ဖြစ်ပြီး ကျောင်းသား ၁၀ ဦးအထက် တင်ဆောင်နိုင်ကြောင်း သိရသည်။ ထိုင်ခုံများတွင် ခါးပတ်ပါရမည်ဖြစ်ပြီး ရှေးဦးသူနာပြုသေတ္တာနှင့် မီးသတ်ဆေးဘူးများ ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။

School Bus မောင်းနှင်မည့် ယာဉ်မောင်းအနေဖြင့် ယာဉ်မောင်းလိုင်စင် ‘ဃ’ လိုင်စင်ဖြစ်ပြီး ယာဉ်မောင်းနှင်နှုန်းကို ၁ နာရီ ၄၀ ကီလိုမီတာထက် ကျော်လွန်မောင်းနှင်ခြင်း မပြုရကြောင်း သိရသည်။

Most Read

Most Recent