၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကျင်းပနိုင်ရေးနှင့် ဖက်ဒရယ်အခြေခံမူများကို အဓိကထားဆွေးနွေးမည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ ယနေ့ ပြုလုပ်မည်

၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကျင်းပနိုင်ရေးနှင့် ဖက်ဒရယ်အခြေခံမူများကို အဓိကထားဆွေးနွေးမည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ ယနေ့ ပြုလုပ်မည်
Published 18 May 2018

၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကျင်းပနိုင်ရေးနှင့် ဖက်ဒရယ်အခြေခံမူများကို အဓိကထားဆွေးနွေးမည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ နိုင်ငံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲ ယနေ့ (မေ ၁၈ ရက်) ပြုလုပ်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက မေ ၁၇ ရက်တွင် ပြောကြားသည်။

နိုင်ငံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးပွဲကို မေ ၁၈ ရက်နှင့် လုံခြုံရေးကဏ္ဍဆိုင်ရာ အလွတ်သဘော ဆွေးနွေးပွဲကို မေ ၁၉ ရက်တွင်  နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ပြုလုပ်မည်ဖြစ်ကြောင်း ရဲဘော်မျိုးဝင်းက ပြောကြားသည်။

“အကြောင်းအရာကတော့ နှစ်ခုပေါ့။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လိုအဆင့်ဆင့် အကောင်အထည်ဖော်မလဲဆိုတဲ့ ကိစ္စလည်း ပါမယ်။ လာမယ့်ညီလာခံမှာ တင်သွင်းဖို့အတွက် ရှိနေတဲ့ ဖက်ဒရယ်အခြေခံမူကိစ္စaတွလည်း ပါမယ်ပေါ့။ တခြားအကြောင်း အရာတွေလည်း ပါတာပေါ့” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုတိယဥက္ကဋ္ဌ ရဲဘော်မျိုးဝင်းက ပြောကြားသည်။

အစိုးရနှင့် နိုင်ငံရေး၊ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အလွတ်သဘောဆွေးနွေးရန်အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က  အလွတ်သဘောတွေ့ဆုံရေး ကော်မတီကို ဖွဲ့စည်းထားသည်။ သို့ဖြစ်၍ ယနေ့ပြုလုပ်မည့် နိုင်ငံရေးကဏ္ဍဆိုင်ရာ အလွတ်သဘောတွေ့ဆုံပွဲတွင် အဆိုပါကော်မတီက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကိုယ်စား ဆွေးနွေးရမည်ဖြစ်သည်။

“ (ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ) ကျင်းပနိုင်ဖို့အတွက် မျှော်မှန်းထားတာတော့ ရှိတာပေါ့။ မျှော်မှန်းထားတဲ့အတိုင်း ကျင်းပဖို့ဆိုတာကတော့ အဲဒီ ညီလာခံ မတိုင်ခင်မှာ လုပ်ရမယ့်အလုပ်တွေက ပြီးမြောက်လား၊ မပြီးမြောက်ဘူးလား။ အချိန်အလုံအလောက် ရှိရဲ့လားဆိုတဲ့အပေါ်မှာ မူတည်တာပေါ့။ အသေးစိတ် ဆွေးနွေးရမယ်ပေါ့” ဟု ရဲဘော်မျိုးဝင်းက ပြောကြားသည်။

၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကို မူလက ၂၀၁၈ ခုနှစ် ဇန်နဝါရီ နောက်ဆုံးပတ်တွင် ကျင်းပရန် စီစဉ်ထားသော်လည်း ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တို့၏ အမျိုးသားအဆင့်နိုင်ငံ ရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ခြင်းမရှိသေးသည့် အခြေအနေ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဧပြီလကုန် (သို့မဟုတ်) မေလဆန်းသို့ ရွှေ့ဆိုင်းထားသော်လည်း ပြီးခဲ့သည့် ဧပြီက ပြုလုပ်သည့် အလွတ်သဘောတွေ့ဆုံပွဲတွင် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေး ကို မေလကုန်ပိုင်းတွင် ပြုလုပ်ရန် သဘောတူထားကြောင်း သိရသည်။

Most Read

Most Recent