ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့ တွေ့ဆုံပြီး တပ်မတော်က ခေးပူ-လွယ်မူပလော လမ်းကြောင်းပြုပြင်နေမှုအား ယာယီရပ်ဆိုင်းထားရန် သဘောတူ

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် KNU ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့ တွေ့ဆုံပြီး တပ်မတော်က ခေးပူ-လွယ်မူပလော လမ်းကြောင်းပြုပြင်နေမှုအား ယာယီရပ်ဆိုင်းထားရန် သဘောတူ
Published 18 May 2018

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် မေ ၁၇ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမ ဆောင်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ထိုသို့တွေ့ဆုံစဉ် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးကြပြီး KNU ၏ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ခေးပူ-လွယ်မူပလော လမ်းကြောင်းပြုပြင်ဆောင်ရွက်နေမှုကို တပ်မတော်က နားလည်မှုရှိစွာဖြင့် ယာယီရပ်ဆိုင်းပေးထားမည်ဖြစ်ပြီး အဆိုပါဒေသတွင်နေထိုင်ကြသည့် ဒေသခံ တိုင်းရင်းသားပြည်သူများအနေဖြင့် အေးချမ်းစွာ နေထိုင်လုပ်ကိုင်နိုင်ပြီး လွတ်လပ်စွာ သွားလာ လှုပ်ရှားနိုင်ကြောင်း ဆွေးနွေး သဘောတူညီမှု ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း) မှ တပ်မတော် အရာရှိကြီးများ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) တို့တက်ရောက်ကြပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌနှင့်အတူ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ယင်းလမ်းကြောင်းပြုပြင်မှုနှင့် ပတ်သက်၍ တပ်မတော်လက်အောက်ခံ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် KNU လက်အောက်ခံ KNLA တပ်မဟာ (၅) တို့ နှစ်ဖက်အောက်ခြေ တပ်များ ပစ်ခတ်မှုများ ရှိခဲ့သည်။

Most Read

Most Recent