ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအနီးတွင် အထောက်အထားမပါသည့် ဘင်္ဂါလီ ၂၅ ဦး ဖမ်းမိ

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအနီးတွင် အထောက်အထားမပါသည့် ဘင်္ဂါလီ ၂၅ ဦး ဖမ်းမိ
Published 18 May 2018

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာအနီး တောတောင်ထဲတွင် ခရီးသွား အထောက်အထားမပါသည့် ဘင်္ဂါလီ ၂၅ ဦးကို မေ ၁၇ ရက် နံနက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

တောထဲတွင် ဘင်္ဂါလီများရှိနေသည်ဟု သတင်းအရ ရဲတပ်ဖွဲ့ဝင် လေးဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာသားအချို့ သွားရောက်ရာ အဆိုပါဘင်္ဂါလီများမှာ ထွက်ပြေးခြင်းမရှိဘဲ အဖမ်းခံခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါဘင်္ဂါလီများမှာ ကျောက်တော်မြို့နယ်မှ လှေတစ်စင်းဖြင့် လာရောက်ခြင်းဖြစ်ကြောင်းနှင့် တောထဲတွင် ရက်အတန်ကြာ နေထိုင်ခဲ့ရသည့်အတွက် အဖမ်းခံခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ဘင်္ဂါလီ ၂၅ ယောက်ကို တောထဲမှာဖမ်းမိတယ်။ သတင်းပေးလို့ လိုက်သွားကြတော့ အထောက်အထားမဲ့ ဘင်္ဂါလီတွေဖြစ်နေတယ်။ ကျား ၂၂ ယောက်၊ မ သုံးယောက် ပါဝင်တယ်။ အမ်းမြို့နယ်ရဲတပ်ဖွဲ့က သူတို့ကိုခေါ်သွားပါတယ်။ လဝကဥပဒေနဲ့ အရေးယူမယ်ထင်ပါတယ်။ တွေ့တာကတော့ ရှောက်ခြုံ-ကမ်းထောင်ကြီး ကားလမ်းနံဘေး၊ မိုးတန်းတောင်တန်းက တောထဲမှာတွေ့တာ ဖြစ်ပါတယ်” ဟု ကဇူးကိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်သန်းအောင်က ပြောကြားသည်။

အဆိုပါဘင်္ဂါလီများအား လှေတစ်စင်းဖြင့် လိုက်ပါပို့ဆောင်ပေးသူမှာ ယင်းနေရာသို့ ပို့ဆောင်ပေးပြီးနောက် ပြန်လည်ထွက်ခွာသွားကြောင်း သိရပြီး အထောက်အထားတစ်စုံတစ်ရာမပါဘဲ ခရီးသွားလာသည့်အတွက် လဝကဥပဒေဖြင့် အယူနိုင်ရန် စိစစ်လျက်ရှိကြောင်း အမ်းရဲစခန်းမှ သိရသည်။

“လဝကဥပဒေနဲ့ အရေးယူဖို့ လုပ်ဆောင်နေပါတယ်။ သူတို့က လာတာကတော့ နှစ်ဖွဲ့ပေါ့။ စက်လှေနှစ်ဆင့်စီးပြီး ကမ်းထောင်းကြီးဘက်ကို ရောက်လာတယ်။ အဲဒီကတစ်ဆင့် ချင်းအမျိုးသား ၁၀ ယောက်ကျော်က ဆိုင်ကယ်နဲ့လာခေါ်ပြီး တောမှာထားတယ်။ ရိက္ခာတွေကို ချင်းအမျိုးသား နှစ်ယောက်ကျစီ ပုံမှန်လာပို့ပေးတယ်။ တောထဲမှာနေတာ တစ်လကျော်နေပြီလို့ပြောတယ်။ အားလုံးကတော့ ကျောက်တော်မြို့နယ် ကျေးရွာ ၁၀ ရွာက ဘင်္ဂါလီတွေဖြစ်ပါတယ်။ စိစစ်ဖို့ လုပ်ဆောင်နေပါတယ်” ဟု အမ်းမြို့မှ လဝကတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

Most Read

Most Recent