ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ ဦးယဉ်မောင်ပါ သုံးဦးအား ထောင်ဒဏ်နှစ်နှစ်နှင့် ငွေဒဏ် ကျပ် ၅၀၀၀ ချမှတ်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ ဦးယဉ်မောင်ပါ သုံးဦးအား ထောင်ဒဏ်နှစ်နှစ်နှင့် ငွေဒဏ် ကျပ် ၅၀၀၀ ချမှတ်
Published 18 May 2018

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာ မိုင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ ပုဒ်မ ၁၇ (၁) ဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ယိုးတရုတ်ရွာသား ဦးယဉ်မောင်ပါ သုံးဦးအား ပုဏ္ဏားကျွန်းမြို့နယ် တရားရုံးက မေ ၁၇ ရက်တွင် ထောင်ဒဏ်နှစ်နှစ်နှင့် ငွေဒဏ် ကျပ် ၅၀၀၀ ချမှတ်ခဲ့ကြောင်း သိရသည်။

ယိုးတရုပ်ကျေးရွာအနီး ကားလမ်းနံဘေးတွင် ၂၀၁၇ ဇန်နဝါရီ ၁ ရက်က မိုင်းပေါက်ကွဲမှုဖြစ်စဉ်ဖြင့် ယိုးတရုပ်ကျေးရွာနေ ဦးယဉ်မောင်၊ ဦးနိုင်နိုင်နှင့် ဦးအောင်အောင်တို့အား ၂၀၁၇ ဇန်နဝါရီ ၂ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ပုဒ်မ ၁၇ (၁) (၂) အပြင် ပုဒ်မ ၆ ဖြင့် တရားစွဲဆိုခဲ့ရာ ပြည်နယ်တရားလွှတ်တော်သို့ လျှောက်ထားချက်အရ ပုဒ်မ ၁၇ (၂) မှ လွတ်မြောက်ခဲ့ကြပြီး ဦးယဉ်မောင်တစ်ဦးသာ ပုဒ်မ ၆ မှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

“ဒီနေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်တရားရုံးက ဦးယဉ်မောင်ပါ သုံးဦးကို ထောင်ဒဏ်နှစ်နှစ်နဲ့ ဒဏ်ငွေ ၅၀၀၀ ကျပ် သတ်မှတ်လိုက်ပါတယ်။ ဒါပေမဲ့ အမှုကမပြီးသေးဘူး။ စစ်တွေခရိုင်မှာ တရားစွဲဆိုထားတဲ့ ပုဒ်မ ၆ အမှုကို ဦးနိုင်နိုင်နဲ့ ဦးအောင်အောင်တို့ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်” ဟု အမိန့်ချမှတ်ခံရသူတို့၏ မိတ်ဆွေ ဦးကျော်လှမြင့်က ပြောကြားသည်။

အဆိုပါ မိုင်းပေါက်ကွဲမှုဖြစ်စဉ်မှာ ယိုးတရုပ်ကျေးရွာနှင့် သဲတက်ကျေးရွာအကြား ရန်ကုန်-စစ်တွေကားလမ်း မိုင်တိုင်အမှတ် ၁၆၀ အနီး၌ ဇန်နဝါရီ ၁ ရက် ညနေ ၄ နာရီတွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း၊ ယင်းပေါက်ကွဲမှုမှာ ကားလမ်း၏ အရှေ့ဘက် ၁၂ ပေခန့်အကွာတွင် ပေါက်ကွဲပြီး စနက်တံအိမ်ခေါင်းတစ်ခု၊ ဓာတ်ခဲနှစ်လုံးဆံ့ ဓာတ်ခဲအိမ်နှစ်ခု၊ ဝိုင်ယာကြိုးများဖြင့် သွယ်တန်းထားသည့် ပလတ်စတစ်အိတ်တစ်ထုပ်၊ ယမ်းထည့်ထားသည်ဟု ယူဆရသည့် ပေါက်ကွဲပြီး ပလတ်စတစ်အစအနများကို တွေ့ရှိခဲ့ရသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

ယင်းနှင့်ပတ်သက်ပြီး မသင်္ကာဖွယ်ဖြစ်သူများအား ခေါ်ယူစစ်ဆေးရာ ယိုးတရုပ်ကျေးရွာနေ အောင်အောင် (ဘ) ဦးစောလှ၊ နိုင်နိုင် (ဘ) ဦးစောလှ၊ ဦးယဉ်မောင်(ဘ) ဦးကျော်သန်းမောင်တို့မှာ ဖောက်ခွဲရေးလုပ်ဆောင်ရာတွင် ပါဝင်ကူညီခဲ့ကြောင်း ဝန်ခံခဲ့သည်ဟုသိရပြီး ဖောက်ခွဲသူအား ထိုစဉ်က ဖမ်းဆီးရရှိခြင်းမရှိသေးကြောင်း သိရသည်။

“ထောင်ချတာနဲ့ ပတ်သက်လို့တော့ ဘာမှပြောစရာမရှိဘူး။ အကြိမ်ကြိမ်ရုံးထုတ်နေမယ့်အစား အခုလိုမျိုး ဆုံးဖြတ်ချက်ချပေးတာက ကောင်းသေးတယ်။ မိသားစုတိုင်းကတော့ လွတ်မြောက်စေချင်တာပေါ့။ ဒါပေမဲ့ သူတို့မှာ ရွေးချယ်စရာမှမရှိတာ။ ပြီးတော့ ဦးနိုင်နိုင်နဲ့ ဦးအောင်အောင်တို့နှစ်ယောက်ကတော့ ပုဒ်မ ၆ နဲ့ စစ်တွေခရိုင်မှာ စွဲထားတဲ့အမှုကလည်းရှိသေးတယ်။ အဲဒီအမှုကိုတော့ လာမယ့် ၂၂ ရက်နေ့မှာ ရုံးချိန်းရှိတယ်။ ဘယ်လိုဖြစ်လာမယ်ဆိုတာတော့ မသိဘူး” ဟု ထောင်ချခံရသူများ၏ မိသားစုဝင်တစ်ဦးဖြစ်သူ ဒေါ်ခင်သန်းနုက ပြောကြားသည်။

Most Read

Most Recent