သံမဏိနှင်းဆီ ဂျာနယ်အယ်ဒီတာ အသတ်ခံရမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာမသိရှိကြောင်း တရားစွဲဆိုခံထားရသူတစ်ဦးက လျှောက်ထား

သံမဏိနှင်းဆီ ဂျာနယ်အယ်ဒီတာ အသတ်ခံရမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာမသိရှိကြောင်း တရားစွဲဆိုခံထားရသူတစ်ဦးက လျှောက်ထား
Published 18 May 2018

ပုဇွန်တောင်မြို့နယ်ရှိ သံမဏိနှင်းဆီ ဂျာနယ်အယ်ဒီတာ အသတ်ခံရမှုနှင့် ပတ်သတ်ပြီး ၎င်းမှာ တစ်စုံတစ်ရာမှ မသိရှိကြောင်း အမှုမှ တရားစွဲဆိုခံထားရသူ တစ်ဦးဖြစ်သည့် ဘုရားပွဲ (ခ) ပြည့်သူနိုင်က ခရိုင်တရားသူကြီးအား မေ ၁၇ ရက် ရုံးချိန်းတွင် လျှောက်ထားတင်ပြခဲ့သည်။

ထို့ပြင် ၎င်းမှာ အပြစ်မရှိကြောင်း၊ သေဆုံးသူ သံမဏိနှင်းဆီ ဂျာနယ်အယ်ဒီတာ ကိုဝေယံဟိန်းနှင့် မသိရှိကြောင်း၊ အဆိုပါအမှုအား မကျုးလွန်ကြောင်း၊ အမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာမှ မသိရှိကြောင်း မေ ၁၇ ရက်တွင် အရှေ့ပိုင်းခရိုင်တရားရုံး၊ ခရိုင်တရားသူကြီး (၉) တရားခွင်၌ တရားသူကြီးအား လျှောက်ထားတင်ပြခဲ့သည်။

အဆိုပါရုံးချိန်းတွင် ပြန်ခေါ်သက်သေအဖြစ် တရားလိုပြသက်သေ တစ်ဦးဖြစ်သူ ဒုရဲမှူးယဉ်ထွေးအား စစ်ဆေးခဲ့သည်။

“အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ လာမယ့်ရုံးချိန်းမှာ တရားစွဲဆိုခံထားရတဲ့ အောင်ကိုကိုကို သီးခြားတင်ပြ စစ်ဆေးသွားမယ်လို့ သိရပါတယ်။ ဒီနေ့မှာ ပြန်ခေါ်သက်သေဖြစ်တဲ့ ဒုရဲမှူးကို စစ်ဆေးတယ်။ ပြီးတော့ ဘုရားပွဲ (ခ) ပြည့်သူနိုင်က တရားခွင်မှာ သေဆုံးသူကိုလည်း မသိဘူး။ သတ်လည်း မသတ်ဘူး။ အမှုနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမှမသိဘူးလို့ သူက တရားသူကြီးကို လျှောက်ထားတင်ပြခဲ့တယ်” ဟု အမှုဖွင့်ခံထားရသူများဘက်မှ လိုက်ပါဆောင်ရွက်နေပေးသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။

အဆိုပါအမှုအား ၂၀၁၇ ခုနှစ် မေ ၁၈ ရက်တွင် စတင်တရားစွဲဆိုခဲ့ပြီးနောက် တရားရုံးမှ ဆက်လက်စစ်ဆေးခဲ့ပြီး အမှုမှ တရားစွဲဆိုခံထားရသော ကျူးလွန်သူ အောင်ကိုကိုအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ) ဖြင့်လည်းကောင်း၊ အောင်ကိုကိုနှင့်အတူ အခင်းဖြစ်ဂျာနယ်တိုက်သို့ လိုက်ပါလာခဲ့ပြီး ဓားဖြင့်ထိုးသတ်ရာတွင် ပူးပေါင်းပါဝင်ခဲ့သည်ဟုဆိုသော ပြည့်သူနိုင် (ခ) ဘုရားပွဲ (ခ) ဖြိုးသော်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ)/၃၄ ဖြင့်လည်းကောင်း၊ အောင်ကိုကို၏ဇနီး မအယ်နီ (ခ) ရိုစီကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၀၂ ဖြင့်လည်းကောင်း ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးက ၂၀၁၈ ခုနှစ် မေ ၃ ရက်တွင် စွဲချက်တင်အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent