ကချင်ပါတီများ ပေါင်းစည်းမည့် ပါတီသစ်အမည်ကို ‘ကချင်ပြည်နယ်လူထုပါတီ (KSPP)’ဟု သုံးပါတီက အတည်ပြုသဘောတူခဲ့ပြီး KNC ပါတီအနေဖြင့် ပေါင်းစည်းရေးတွင် ပါသင့် မပါသင့် ပါတီတွင်း ဆက်လက်ဆွေးနွေးမည်

ကချင်ပါတီများ ပေါင်းစည်းမည့် ပါတီသစ်အမည်ကို ‘ကချင်ပြည်နယ်လူထုပါတီ (KSPP)’ဟု သုံးပါတီက အတည်ပြုသဘောတူခဲ့ပြီး KNC ပါတီအနေဖြင့် ပေါင်းစည်းရေးတွင် ပါသင့် မပါသင့် ပါတီတွင်း ဆက်လက်ဆွေးနွေးမည်
Published 18 May 2018

ကချင်နိုင်ငံရေးပါတီများ ပေါင်းစည်း၍ တစ်ပါတီတည်းအဖြစ် ထူထောင်သွားမည့် ပါတီ၏ အမည်ကို ‘‘ကချင်ပြည်နယ်လူထု ပါတီ (Kachin State People’s Party)’’ ဟု ကချင်ဒီမိုကရက်တစ်ပါတီ KDP ၊ ကချင် ပြည်နယ်ဒီမိုကရေစီပါတီ KSDP နှင့် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီကချင် ပြည်နယ် (စဒက) တို့က အတည်ပြုဆုံးဖြတ်ထားပြီး ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) အနေဖြင့် အဆိုပါပါတီ ပေါင်းစည်းရေးတွင် ပါသင့် မပါသင့် ပါတီတွင်း ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကချင်ပြည်သူလူထု၏ ဆန္ဒအရ ကချင်နိုင်ငံရေး ပါတီများသည် တစ်ပါတီတည်းအဖြစ် ပူးပေါင်းသွားရေး လုပ်ဆောင်လျက်ရှိရာ လက်ရှိတွင် ပူးပေါင်းသွားမည့် ပါတီ အမည်၊ အလံနှင့် အမှတ်တံဆိပ်တို့ကို အတည်ပြုပြီးဖြစ်ကြောင်းနှင့် ပေါင်းစည်းရေးတွင် ကချင်အမျိုးသား ကွန်ဂရက်ပါတီက ပါဝင်နိုင်ခြင်း မရှိသေးကြောင်း ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) ဥက္ကဋ္ဌ ဒေါက်တာမနာမ်တူးဂျာက ပြောကြားသည်။

ဒေါက်တာတူးဂျာက ‘‘ကျွန်တော်တို့က အစကတော့ လေးပါတီပေ့ါ။ အခု  KNC ပါတီထဲမှာတော့ အခုရွေးခဲ့တဲ့ ပါတီနာမည် နဲ့ အမှတ်တံဆိပ်ထက် မူလရွေးထားတဲ့ဟာတွေကိုပဲ ဦးစားပေးချင်တဲ့ သူတွေကလည်းရှိတယ်။ တချို့ကလည်း အပြောင်းအလဲ တစ်ခါတည်း လုပ်သွားချင်တဲ့သူတွေလည်းရှိ တယ်။ ဆိုတော့ သူတို့အထဲမှာလည်း ထပ်ဆွေးနွေးဖို့ ရှိသေးတယ်ဆိုတဲ့သဘော။ အဆင့်သင့်မဖြစ်သေးဘူးဆိုတဲ့ သဘောပေါ့။ကျွန်တော်တို့မှာလည်း အချိန်က သိပ်မရှိတော့တဲ့အတွက် အဆင့်သင့်ဖြစ်တဲ့သုံးပါတီက ပေါင်းစည်းရေးကို လက်တွေ့လုပ်ဆောင်သွားတာပေါ့။ နာမည်အသစ်၊ အလံအသစ်ကို ရွေးသွားတာပေါ့။ နောက်ပိုင်းသူတို့လည်း ပါကောင်းပါလာနိုင်တာပေါ့။အခုရွေးထားတဲ့ နာမည်နဲ့အလံကတော့ သုံးပါတီထဲကပဲရွေးတာပါ။ အများကထောက်ခံတဲ့ဟာကို ဝိုင်းရွေးတာပေါ့။ နာမည်ကတော့ ‘‘ကချင်ပြည်နယ်လူထုပါတီ (Kachin State People’s Party)’ပါ။ ပြည်သူအတွက်ဆိုပြီးတော့ တည်ထောင်ကြတာဖြစ်ပါတယ်။ ပြည်သူအတွက်ဆိုပြီးတော့ ဆိုတဲ့သဘောမျိုးပေါ့။ ပြည်သူ့ပါတီဆိုရင်တော့ ပိုကောင်းမယ်ဆိုတဲ့သဘောနဲ့ ရွေးတာပါ’’ ဟု ပြောကြားသည်။

ရွေးချယ်ထားသည့် ‘‘ကချင်ပြည်နယ် လူထုပါတီ (Kachin State People’s Party)’’ ၏ အမှတ်တံဆိပ်နှင့် အလံသည် အနီနှင့် အစိမ်းပေါ်တွင် အပြာနုရောင် သုံးနားညီတြိဂံပုံစံဖြစ်ကြောင်း ဒေါက်တာတူး ဂျာထံမှသိရသည်။

ယခုရွေးချယ်ထားသည့် ပါတီအမည်၊ အလံ၊ အမှတ်တံဆိပ်၊ လိုဂိုတို့အား ကချင်လူထုထံ ရက်ပိုင်းအတွင်း အသိပေးသွားမည်ဖြစ်ပြီး ယင်းနောက်ပိုင်းမှာသာ ပါတီမှတ်ပုံတင်ခြင်းကိစ္စများ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောကြားသည်။

ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) အနေဖြင့် အဆိုပါပေါင်းစည်းရေးတွင် ပါဝင်ခြင်းရှိ မရှိနှင့် ပတ်သက်၍ ပါတီတွင်းဆွေးနွေးသွားရန်ရှိကြောင်း ပါတီဥက္ကဋ္ဌ ဒေါက်တာအမ်ကောန်လက ပြောကြားသည်။

ဒေါက်တာအမ်ကောန်လက ‘‘ကျွန်တော်တို့ပါတီအတွင်း အစည်းအဝေးတွေမှာလည်း KNC ကတော့ ကိုယ့်ပါတီလည်းမဟုတ်ဘူး။ ကိုယ်တည်ထောင်ထားတာလည်း မဟုတ်ဘူး။ အများပြည်သူတည်ထောင်ထားတဲ့ ပါတီဖြစ်တယ်။ ဖျက်သိမ်းချင်တိုင်း ဖျက်သိမ်းလို့မရဘူး။ ထိန်းသိမ်းချင်တဲ့သူတွေက ဆက်ထိန်းသိမ်းမယ်ဆိုပြီး ထွက်လာတာရှိတယ်။ ကျွန်တော်တို့ကတော့ ပေါင်းစည်းရေးကို ဆက်လက်စဉ်းစားမယ်။ပါတီအတွင်း အစည်းအဝေးလုပ် ဆုံးဖြတ်မယ်။ ပူးပေါင်းလုပ် လို့အဆင်ပြေမပြေပေါ့။ မပူးပေါင်းဖြစ်ရင် တော့ မဟာမိတ်အနေနဲ့ ဆက်လက်ဆောင်ရွက်သွားဖို့ရှိမယ်။ ပါတီပေါင်းစည်းရေးမှာ မပါလို့လည်း ကချင်နိုင်ငံရေးအဝန်းအဝိုင်းထဲက ထွက်သွားမှာမဟုတ်ဘူး’’ ဟု ပြောကြားသည်။

ကချင်နိုင်ငံရေးပါတီများပေါင်းစည်းရေးအတွက် အစောပိုင်းက ကချင်ဒီမိုကရက်တစ်ပါတီ (KDP) ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) နှင့် ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) သုံးပါတီတို့သည် ပါတီအသစ်အမည်ကို Kachin National Congress Party (KNCP) အဖြစ် ယာယီ သဘောတူထားခဲ့သော်လည်း လူထုကရွေးချယ်သည့် ပါတီဖြစ်လာရေး ပါတီနာမည်၊ လိုဂို၊ အမှတ်တံဆိပ်တို့အား ရွေးချယ်ဆုံးဖြတ်ရန် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့က ဦးဆောင်သည့် ၁၇ ဦးပါ ကော်မတီကို ဧပြီ ၁၀ ရက်တွင် ဖွဲ့စည်းခဲ့သည်။

သို့သော် အဆိုပါ ၁၇ ဦးပါ ကော်မတီအဖွဲ့က ပါတီအမည်၊ အလံ၊ အမှတ်တံဆိပ်တို့ အား ရွေးချယ်ရန် ပြန်လည်အပ်နှံလာသည့်အတွက် KSDP ၊ KDP နှင့် ပါတီပေါင်းစည်းရေးတွင် နောက်ပိုင်းမှပါဝင်လာသည့် စဒက ပါတီတို့က ‘‘ကချင်ပြည်နယ်လူထုပါတီ’’ ဟု အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ‘‘ကချင်ပြည်နယ်လူထုပါတီ’’ ဟု အမည်ပေး ရွေးချယ်ခဲ့ခြင်းနှင့် ပတ်သက်၍ KNC ဥက္ကဋ္ဌက ‘‘ပါတီပေါင်းစည်းတဲ့နေရာမှာ ပါတီတွေက အစုံပါနေတော့ ဘယ်လိုပုံစံနဲ့ ဆက်သွားမလဲ ကျွန်တော်တို့ ဆက်မေးတယ်။  ထုံးစံအတိုင်းဆို ကျွန်တော်တို့ လက်ခံ လက်မခံ အကြောင်း ပြန်ပြီးတော့မှ ကျွန်တော်တို့က ပါဝင်ပြီဆိုမှ ပါတီ၊ လိုဂို၊ အမှတ်တံဆိပ်တွေ ထုတ်ရမှာ။ ဒါပေမဲ့ သူတို့က ၁၇ ဦးကော်မတီ ကို နာမည်၊ လိုဂို၊ အမှတ်တံဆိပ်ပေးရမယ်ဆိုပြီးတော့ ကျွန်တော်တို့မပါဘဲ KSPP ဆိုပြီး လိုဂို၊ အလံတွေကိုရွေးချယ်လိုက်တယ်။  ကျွန်တော်တို့က နာမည်၊ လိုဂို၊ အမှတ်တံဆိပ်က အရေးမကြီးဘူးပဲထား။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ပူးပေါင်းပါဝင်မှုကို အပြန်အလှန်လေးစားမှုလေးတော့ ထားရမယ်။ ဒါကိုမတွေ့ ရဘူး။ မတွေ့ရဘူးဆိုတော့ အဲဒီအပေါ်မှာ ကျွန်တော်တို့ KNC ကပြန်ဆုံးဖြတ်မယ်။ လူထုဆန္ဒသဘောကြောင့်သာ ကျွန်တော်တို့က ပူးပေါင်းတာဖြစ်တယ်။ပူးပေါင်းဆောင်ရွက် ရေးမှာလည်း ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့အနေအထားမှာ အပြန်အလှန်လေးစားမှုမရှိဘဲ လုပ်တာက သူတို့သုံးပါတီမှာ တာဝန်ရှိတယ်လို့ပဲပြောချင်ပါတယ်’’ ဟု ဆိုသည်။

မူလက ၎င်းတို့ရွေးချယ်ထားသည့် Kachin National Congress Party (KNCP) အမည်သည် ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ၏ လောင်းရိပ်အောက်တွင် ရှိနေသည်ဟုဆိုကာ ကချင်လူထုအတွင်း လက်မခံသည့် သဘောထားအချို့လည်း ရှိနေကြောင်း KNC ပါတီဥက္ကဋ္ဌထံမှ သိရသည်။

Most Read

Most Recent