နန်းယွန်းမြို့တွင် တပ်မတော်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး လေးဦး သေဆုံးခဲ့ဟု သိရ

နန်းယွန်းမြို့တွင် တပ်မတော်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပွားပြီး လေးဦး သေဆုံးခဲ့ဟု သိရ
Published 18 May 2018

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့တွင် မေ ၁၅ ရက် နံနက် ၂ နာရီ ဝန်းကျင်ခန့်က တပ်မတော်သား အချင်းချင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်သား လေးဦး သေဆုံးကာ ငါးဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရပါသည် ။

“ဖြစ်စဉ်က ဒီလို။ အခုစစ်ကြောင်းအဖွဲ့က ဒီဇင်ဘာလကုန်ပိုင်းကတည်းက စစ်ကြောင်း သွားနေတာ အခုထိပေါ့။ ဆိုတော့ စစ်သားတွေလည်း မနားရတဲ့ အခါကျတော့ စိတ်ဆင်းရဲမှုတွေ တော်တော်များတယ်ထင်တယ်။ အဲဒီ ကင်းသမားက ကင်းအလှည့်ကျ ပြီးသွားပြီ။ နောက်တစ်ယောက်က ကင်းသွားစောင့်တာ။ သူတို့အဆောင်ကို ပြန်ပြီး သူတို့ အဆောင်ထဲ ဝင်ပြီးတော့ သူ့ဆီက လက်ပစ်ဗုံးကို စစ်သားတွေ အိပ်နေတဲ့နေရာကို ပစ်ချလိုက်တာ။ ပစ်ချပြီးတော့ သူ့သေနတ်ထဲက ကျည်တစ်ဘောက်နီးနီး ကုန်အောင် ပစ်လိုက်တော့ ရဲဘော်တွေတော်တော်များ ထိသွားတဲ့သဘောရှိတယ်။ သူ့အဖော်တွေကို ပစ်ပြီးတော့ ထွက်ပြေးတယ်။ ပြေးတာက အဝေးကြီးမှာ မပြေးဘူး။ အဲဒီ တောစပ်နားလေးမှာပဲ။ သူတို့အိပ်တဲ့နေရာနဲ့ ပေတစ်ရာတောင် မကွာဘူး။ တောစပ်မှာ သူ့ကိုယ့်သူ သတ်သေ သွားတယ်။ ပစ်ခံရတဲ့အထဲမှာ သေတာက သုံးယောက်၊ ဒဏ်ရာက ငါးယောက်၊ သူတို့ထဲမှာပဲ ပစ်ခတ်မှုဖြစ်တာပါ ။ နန်းယွန်းမှာ တပ်ရင်းက နှစ်ခုရှိတယ် ။ အခုဖြစ်တာက တပ်ရင်း ၂၂၉ က ဖြစ်တာပါ။ ခလရ ၂၂၉ တပ်ရင်းက စစ်သားတွေ အချင်းချင်း ဖြစ်တာပါ။ ပြည်သူလူထုအပေါ်မှာ ထိခိုက်တာလည်း မရှိပါဘူး။ သေတာက ပစ်တဲ့သူ အပါအဝင် လေးယောက်နဲ့ ဒဏ်ရာရတဲ့သူ ငါးယောက်ပါ” ဟု နန်းယွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိမ်းမောင်က ပြောကြားသည်။

မေ ၁၅ ရက် နံနက် ၂ နာရီ ဝန်းကျင်ခန့်က နန်းယွန်းမြို့ ရဲစခန်းကုန်းနောက် ကျောဘက်တောင်ကုန်းပေါ်တွင် လုံခြုံရေး ယူထားစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ နန်းယွန်းမြို့နယ် ရဲတပ်ဖွဲ့သို့ မေးမြန်းခဲ့ရာ “ပစ်ခတ်မှုဖြစ်တာ မဟုတ်ပါဘူးဗျာ။ တပ်ထဲကတင် အချင်းချင်း ပစ်ခတ်မှုဖြစ်တာပါ။ တပ်သတင်းပါ ။ သောင်းကျန်းသူတွေနဲ့ ဖြစ်တာ မဟုတ်ပါဘူး” ဟု နန်းယွန်းမြို့နယ် ရဲမှူး ဦးအေးကျော်က ပြောကြားသည်။

Most Read

Most Recent