မြန်မာ့စီးပွားရေးအလားအလာသည် အကောင်းဘက်တွင် ရှိနေသော်လည်း အန္တရာယ်စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပြီး ထိရောက်စွာ ကိုင်တွယ်ခြင်းမပြုပါက စီးပွားရေးအနာဂတ်အလားအလာအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြ

မြန်မာ့စီးပွားရေးအလားအလာသည် အကောင်းဘက်တွင် ရှိနေသော်လည်း အန္တရာယ်စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ပြီး ထိရောက်စွာ ကိုင်တွယ်ခြင်းမပြုပါက စီးပွားရေးအနာဂတ်အလားအလာအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်အစီရင်ခံစာတွင် ဖော်ပြ
Published 18 May 2018

ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် Myanmar Economic Monitor: May 2018 အစီရင်ခံစာထုတ်ပြန်ပွဲအား တွေ့ရစဉ်

မြန်မာနိုင်ငံ၏ စီးပွားရေးအလားအလာသည် အကောင်းဘက်တွင် ရှိနေသော်လည်း အန္တရာယ်စိန်ခေါ်မှုများလည်း ရှိနေဆဲဖြစ်ပြီး ထိရောက်စွာကိုင်တွယ်ခြင်း မပြုပါက စီးပွားရေးအနာဂတ်အလားအလာအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း မေ ၁၇ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ်တွင် ကျင်းပသည့် Myanmar Economic Monitor: May 2018 အစီရင်ခံစာထုတ်ပြန်ပွဲမှ သိရသည်။

၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အနည်းငယ်အရှိန်နှေးသွားခဲ့သည့် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်တွင်းပြည်ပမရေရာ မသေချာသည့် အခြေအနေများအကြား အကောင်းဘက်တွင် ရှိနေဆဲဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကဏ္ဍပေါင်းစုံပါဝင်သည့် ကျယ်ပြန့်သော ဖွံ့ဖြိုးမှုဖြစ်သည်ဟု တွေ့ရှိရသည်။

ငွေကြေးဖောင်းပွမှုနှုန်း ကျဆင်းလျက်ရှိကာ တိုင်းပြည်၏ ဘဏ္ဍာရေးနှင့် External Balance အခြေအနေကောင်းလာခဲ့ကြောင်း သိရှိရသည်။ ပြည်ပပို့ကုန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အားကောင်းလာခဲ့ခြင်းကြောင့် ကျပ်ငွေတန်ဖိုးလည်း အနည်းငယ်ခိုင်မာလာသည်။ စီးပွားရေးအလားအလာသည် အကောင်းဘက်တွင် ရှိနေသော်လည်း အန္တရာယ်စိန်ခေါ်မှုများလည်း ရှိနေဆဲဖြစ်ပြီး ထိရောက်စွာ ကိုင်တွယ်ခြင်းမပြုပါက စီးပွားရေးအနာဂတ်အလားအလာအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ကမ္ဘာ့ဘဏ်က နောက်ဆုံးထုတ်ပြန်လိုက်သည့် မြန်မာနိုင်ငံ၏ စီးပွားရေးစောင့်ကြည့်အစီရင်ခံစာက ဆိုသည်။

ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး ဖွံ့ဖြိုးမှုနှုန်းသည် ၂၀၁၆-၁၇ တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇-၁၈ တွင် ၆ ဒသမ ၄ ရာခိုင်နှုန်းသို့ ရောက်ရှိလာသည်။ ထိုသို့ရောက်ရှိလာခြင်းမှာလည်း စိုက်ပျိုးရေးကဏ္ဍ၊ ကောက်ပဲသီးနှံ ထုတ်လုပ်မှုအခြေအနေ၊ ပြန်လည်ကောင်းမွန်လာခြင်း၊ ကုန်ထုတ်လုပ်ငန်းများ အားကောင်းလာခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင် တည်ငြိမ်လာခြင်းတို့ကြောင့် ဖြစ်သည်ဟု အစီရင်ခံစာက ဆိုသည်။

သို့သော် ခရီးသွားလုပ်ငန်းနှင့် ငွေရေးကြေးရေး ဘဏ်လုပ်ငန်းတို့တွင် မရေရာမှုများကြောင့် အနည်းငယ်နှေးကွေးခဲ့သည်ဟု တွေ့ရှိရကြောင်း အဆိုပါအစီရင်ခံစာက ဆိုသည်။

၂၀၁၈-၁၉ ခုနှစ်အတွက် နိုင်ငံ၏စီးပွားရေး တိုးတက်မှုနှုန်းသည် အကောင်းဘက်တွင်ရှိနေပြီး ၆ ဒသမ ၇ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။ ငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၆-၁၇ ခုနှစ်တွင် ခုနစ်ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၇-၁၈ တွင် ၅ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းသွားမည်ဟု အဆိုပါအစီရင်ခံစာက ခန့်မှန်းထားသည်။

အန္တရာယ်စိန်ခေါ်မှုများအကြား အကောင်းဘက်ဦးတည်သည့် စီးပွားရေးဖွံ့ဖြိုးမှုအရှိန်အား ဆက်လက်ထိန်းထားနိုင်ရန်မှာ ဦးစားပေးဆောင်ရွက်သင့်သည့် အစိုးရကဏ္ဍသုံးစွဲမှုများနှင့် ပုဂ္ဂလိကကဏ္ဍ စီးပွားရေးလုပ်ငန်းများအား တည်ငြိမ်သည့် မေခရိုစီးပွားရေးအခြေအနေ အားကောင်းခိုင်မာသော မူဝါဒများဖြင့် အားပေးထောက်ကူရန် လိုအပ်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားခ နှုန်းထားများအား သင့်လျော်စွာ ပြင်ဆင်သတ်မှတ်ခြင်း၊ ကုမ္ပဏီများဥပဒေအား အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ အခွန်ထမ်းများအတွက် ပြည်သူ့ရေးရာဝန်ဆောင်မှုများ တိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊ ငွေရေးကြေးရေးလုပ်ငန်းများအတွက် လုံခြုံစိတ်ချရသည့် ဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးခြင်းတို့က အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ်ရုံး၏ ဦးဆောင်ဘောဂဗေဒပညာရှင် ဟန်စ်အာနန်ဘက်ခ်က ပြောကြားသည်။

မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာ Myanmar Economic Monitor ဆိုသည်မှာ မြန်မာနိုင်ငံ၏ စီးပွားရေးဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အလားအလာများနှင့် ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည့် မူဝါဒအကြံပြုချက်များအား အချိန်မှန် လေ့လာသုံးသပ်ရေးသားသည့် အစီရင်ခံစာဖြစ်သည်။ အစီရင်ခံစာအား ပြုစုရာတွင် မြန်မာနိုင်ငံအစိုးရထံမှရရှိသည့် တရားဝင် ဒေတာအချက်အလက်များအပြင် ကမ္ဘာ့ဘဏ်၏ ပုံမှန်စီးပွားရေး စောင့်ကြည့်လေ့လာမှုများနှင့် မူဝါဒဆွေးနွေးမှုများမှ ဒေတာအချက်အလက်များကိုလည်း ထည့်သွင်းအသုံးပြုထားကြောင်း သိရသည်။

Most Read

Most Recent