ရန်ကုန်မြို့တွင် အဆင့်မြင့်ဝန်ဆောင်မှုတိုက်ခန်း ၂၀၀၀ ဝန်းကျင်ရှိလာပြီး ၂၀၁၈ ခုနှစ်တစ်နှစ်လုံး အခန်းသစ် ထပ်မံမထွက်ရှိနိုင်သောကြောင့် အခန်းငှားရမ်းမှုနှုန်းနှင့် အခန်းအများစု ငှားရမ်းခများမြင့်တက်မည်ဟု မျှော်မှန်း

ရန်ကုန်မြို့တွင် အဆင့်မြင့်ဝန်ဆောင်မှုတိုက်ခန်း ၂၀၀၀ ဝန်းကျင်ရှိလာပြီး ၂၀၁၈ ခုနှစ်တစ်နှစ်လုံး အခန်းသစ် ထပ်မံမထွက်ရှိနိုင်သောကြောင့် အခန်းငှားရမ်းမှုနှုန်းနှင့် အခန်းအများစု ငှားရမ်းခများမြင့်တက်မည်ဟု မျှော်မှန်း
Published 18 May 2018

Services Apartments များပါဝင်မည့် Golden City စီမံကိန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်မြို့တွင် အဆင့်မြင့်ဝန်ဆောင်မှုတိုက်ခန်း ၂၀၀၀ ဝန်းကျင်ရှိလာပြီး ၂၀၁၈ ခုနှစ် တစ်နှစ်လုံး အခန်းသစ် ထပ်မံမထွက်ရှိနိုင်သောကြောင့် အခန်းငှားရမ်းမှုနှုန်းနှင့် အခန်းအများစုငှားရမ်းခများ မြင့်တက်မည်ဟု မျှော်မှန်းကြောင်း ကနေဒါအခြေစိုက် အိမ်ခြံမြေဈေးကွက် ဝန်ဆောင်မှုလုပ်ငန်းဖြစ်သော Collier International (Myanmar) မှ ထုတ်ပြန်သည့် ၂၀၁၈ ခုနှစ် ပထမသုံးလပတ် ဈေးကွက်အစီရင်ခံစာအရ သိရသည်။

၂၀၁၈ ခုနှစ်အတွင်း အခန်းသစ် ထပ်မံမထွက်ရှိခြင်းကြောင့် အဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းဈေးကွက်တွင် ယှဉ်ပြိုင်ရမှု လျော့နည်းကာ ငှားရမ်းမှုနှုန်းနှင့် ငှားရမ်းခမြင့်တက်စေရန် အလားအလာကောင်းနေသည်။ တည်ဆောက်ဆဲ စီမံကိန်းများကြောင့် လာမည့်သုံးနှစ်အတွင်း အခန်းအရေအတွက် နှစ်ဆခန့် မြင့်တက်လာမည်ဖြစ်ပြီး အများစုမှာ ရန်ကုန်မြို့တွင်းပိုင်းတွင် တည်ရှိသည်။ ငှားရမ်းခအနေဖြင့်လည်း ရန်ကုန်မြို့၏ အဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းဈေးသည် အရှေ့တောင်အာရှဈေးကွက်တွင် အမြင့်ဆုံးနှုန်းများတွင် ပါဝင်ပြီး အနာဂတ်ကာလတွင် အလယ်အလတ်အခန်းများက အလားအလာကောင်းမွန်နေသည်။

အဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းဈေးကွက်သည် အရည်အသွေးမြင့်မားပြီး ဈေးနှုန်းသင့်တင့်သည့် ဝန်ဆောင်မှုတိုက်ခန်းများအား ငှားရမ်းလိုသူ ပိုမိုများပြားလာသည်။ ငှားရမ်းလိုသူအချို့က ကုန်ကျစရိတ် လျှော့ချသည်အနေဖြင့် အခန်းငယ်များကို ပိုမိုရွေးချယ်မှုများလာရာ အိပ်ခန်းတစ်ခန်း၊ အိပ်ခန်းနှစ်ခန်း၊ အိပ်ခန်းသုံးခန်းပါ တိုက်ခန်းများ ပိုမိုဈေးကွက်ဝင်လာသည်။

ဝန်ဆောင်မှု တိုက်ခန်းငှားရမ်းမှု နှုန်းထားသည် လက်ရှိအတိုင်းဆက်သွားမည် မျှော်မှန်းထားသော်လည်း အရည်အသွေးမြင့်ပြီး ဈေးနှုန်းသက်သာသည့်အခန်းများ ပိုမိုအလားအလာကောင်းနေသည်။ အခန်းအရေအတွက်လည်း ဆက်လက်တိုးတက်နေမည်ဟု ခန့်မှန်းထားပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အခန်းပေါင်း ၃၀၀၀ ဝန်းကျင်အထိ ရှိလာမည်ဟု မျှော်မှန်းထားသည်။

လာမည့်နှစ်များအတွင်း ဈေးကွက်ဝင်လာမည့် စီမံကိန်းများမှာ Somerset@ 68 Residence၊ Kantharyar Serviced Residences၊ Sedona Suites၊ The Loi၊ Golden City Serviced Apartments၊ HAGL Myanmar Serviced Apartments၊ Inno City စသည်တို့ဖြစ်ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ်တွင် အဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းများ၏ ၆၇ ရာခိုင်နှုန်းသည် ရန်ကုန်မြို့ အချက်အချာနေရာများတွင် တည်ရှိမည်ဟု မျှော်မှန်းထားပြီး ဗဟန်းနှင့် ရန်ကင်းမြို့နယ်တို့သည် ရေပန်းအစားဆုံး နေရာများဖြစ်သည်။

ရန်ကုန်မြို့၏ လက်ရှိအဆင့်မြင့်ဝန်ဆောင်မှု တိုက်ခန်းများ၏ ၃၆ ရာခိုင်နှုန်းသည် အိပ်ခန်းတစ်ခန်းပါ အခန်းများဖြစ်ပြီး အိပ်ခန်သုံးခန်းပါအခန်းမှာ ၂၉ ရာခိုင်နှုန်း၊ အိပ်ခန်းနှစ်ခန်းပါအခန်းမှာ ၂၈ ရာခိုင်နှုန်း၊ အိပ်ခန်းလေးခန်းပါအခန်းမှာ လေးရာခိုင်နှုန်းနှင့် Studio အခန်းမှာ သုံးရာခိုင်နှုန်းရှိကြောင်း သိရသည်။

ငှားရမ်းမှုနှုန်းထားအနေဖြင့် ၂၀၁၇ ခုနှစ် ဒုတိယသုံးလပတ်တွင် ၈၇ ဒသမ ၂ ရာခိုင်နှုန်း၊ တတိယသုံးလပတ်တွင် ၇၇ ဒသမ ၉ ရာခိုင်နှုန်း၊ စတုတ္ထသုံးလပတ်တွင် ၈၁ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် ပထမသုံးလပတ်တွင် ၈၂ ရာခိုင်နှုန်းအထိ ရှိခဲ့သည်။

ငှားရမ်းခအနေဖြင့် ၂၀၁၈ ခုနှစ် ပထမသုံးလပတ်တွင် Studio၊ အိပ်ခန်းတစ်ခန်းပါ အခန်း၊ အိပ်ခန်းသုံးခန်းပါအခန်းများ ယခင်သုံးလပတ်နှင့်ယှဉ်ပါက နှစ်ရာခိုင်နှုန်းမှ သုံးရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ လက်ရှိ ပျမ်းမျှ တစ်လငှားရမ်းခနှုန်းများမှာ Studio ခန်းမှာ ဒေါ်လာ ၁၉၆၃၊ အိပ်ခန်းတစ်ခန်းပါ အခန်းမှာ ဒေါ်လာ ၃၇၂၂၊ အိပ်ခန်းနှစ်ခန်းပါ အခန်းမှာ ၄၄၉၇ ဒေါ်လာ၊ အိပ်ခန်းသုံးခန်းပါ အခန်းမှာ ၅၅၉၃ ဒေါ်လာ၊ အိပ်ခန်းလေးခန်းပါ အခန်းမှာ ၇၇၃၀ ဒေါ်လာဖြစ်ကြောင်း သိရသည်။

Most Read

Most Recent