ကွာရှင်း ပြတ်စဲထားသည့်ခင်ပွန်းဟောင်းက ဓားဖြင့်ထိုးသတ်မှုကြောင့် မူလတန်းပြဆရာမတစ်ဦး သေဆုံးမှု မော်လမြိုင်မြို့တွင် ဖြစ်ပွား

ကွာရှင်း ပြတ်စဲထားသည့်ခင်ပွန်းဟောင်းက ဓားဖြင့်ထိုးသတ်မှုကြောင့် မူလတန်းပြဆရာမတစ်ဦး သေဆုံးမှု မော်လမြိုင်မြို့တွင် ဖြစ်ပွား
Published 18 May 2018

မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်ရှိ အမှတ် (၄) တည်းခိုရေးတပ်ရှေ့တွင် မေ ၁၆ ရက် ည ၇ နာရီ မိနစ် ၃၀ ခန့်က ကွာရှင်းပြတ်စဲထားသည့် ခင်ပွန်းဟောင်းကဓားဖြင့် ထိုးသတ်မှုကြောင့် မူလတန်းပြ ဆရာမတစ်ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မော်လမြိုင်မြို့ မြိုင်သာယာ ရပ်ကွက်၊ ရှင်စောပုလမ်းနေ ဒေါ်ထိုက်မင်းစံ (၃၉) နှစ်သည် မြိုင်သာယာရပ်ကွက် (၂၁) လမ်းနေ မူလတန်းပြဆရာမ ဖြစ်သူ ဒေါ်စုစုမြ (၃၂) နှစ် (ဘ) ဦးမောင်မြ မောင်းနှင်သည့် ဆိုင်ကယ်ဖြင့် မောင်ငံရပ်ကွက်၊ ဝန်ထမ်း အိမ်ရာမှ မြိုင်သာယာရပ်ကွက်သို့ပြန်လာစဉ် ဈေးကြိုရပ်ကွက်ရှိ အမှတ် (၄) တည်းခိုရေး တပ်ရှေ့အရောက်တွင် ဒေါ်စုစုမြနှင့်လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ကွာရှင်းပြတ်စဲထားသည့် ခင်ပွန်းဟောင်းဖြစ်သူ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်၊ မီကိုကော်ဖီမစ် ကုမ္ပဏီ ရုံးဝင်းနေ ယင်းကုမ္ပဏီမှ ဝန်ထမ်းဖြစ်သူ ကျော်ပိုင် (၃၇ နှစ်) (ဘ) ဦးမောင်မြက ရောက်ရှိလာပြီး ဆိုင်ကယ်ရပ်ရန်ပြောရာ ဒေါ်စုစုမြက ဆိုင်ကယ်ရပ်၍ လမ်းပေါ်ဆင်းစဉ် ကျော်ပိုင်ကဆိုင်ကယ်ပေါ်မှဆင်းလာပြီး ဘေးလွယ်အိတ်ထဲလက်နှိုက်လျက် ဒေါ်စုစုမြနှင့် တစ်ယောက်တစ်ခွန်း စကားများ၍ လုံးထွေးနေပြီး ကျော်ပိုင်က ဘေးလွယ်အိတ်အတွင်းမှ ဓားထုတ်ယူလိုက်သည်ကို မြင်တွေ့ရသဖြင့် ဒေါ်ထိုက်မင်းစံက အနီးပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီ တောင်းခံနေစဉ် ဒေါ်စုစုမြမှာ ကားလမ်းဘေးတွင် သွေးထွက်ဒဏ်ရာဖြင့် လဲကျနေပြီး ကျော်ပိုင်မှာ ၎င်း၏ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း၊ ထို့နောက် လူမှုကူညီကယ်ဆယ်ရေးကားများ ရောက်ရှိလာပြီး ဒေါ်စုစုမြအား မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့တင်ပို့စဉ် ဒေါ်စုစုမြ မှာ သေဆုံးသွားခဲ့ကြောင်း မုပွန်နယ်မြေရဲစခန်း၏ ရဲမှတ်တမ်းများအရ သိရသည်။

“ပြစ်မှုကျူးလွန်သူလို့ ယူဆရတဲ့ ကျော်ပိုင်ကိုတော့ ညကတည်းက ပိတ်ဆို့ရှာဖွေမှုတွေ လုပ်ဆောင်နေပါတယ်။ နောက်ပြီး သူ့ရဲ့ ဓာတ်ပုံတွေကိုလည်း သက်ဆိုင်ရာနယ်မြေ အလိုက် ရဲစခန်းတွေမှာရော၊ အခုဆို လူမှုကွန်ရက်မှာလည်း ဖြန့်ဝေနေကြတာရှိပါတယ်။ အကယ်၍များ တွေ့ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ထံကို ဆက်သွယ်အကြောင်းကြားပေးပါလို့ ပြောချင်ပါတယ်” ဟု မုပွန်နယ် မြေရဲစခန်းမှူး ဒုရဲမှူးစိန်ဝင်းက ပြောကြားသည်။

Most Read

Most Recent