ပခုက္ကူမြို့ တိုင်းရင်းဆေးရုံမှလူနာများအတွက် ထမင်း၊ ဟင်းနှင့် ရေများကို အာယုသုခလူမှုရေးအသင်းမှ လှူဒါန်းမည်ဖြစ်ပြီး ဆေးရုံအနီးတွင် ဈေးဆိုင်များမရှိသည့်အတွက် တက်ရောက်သူများ အခက်အခဲများ ကြုံတွေ့

ပခုက္ကူမြို့ တိုင်းရင်းဆေးရုံမှလူနာများအတွက် ထမင်း၊ ဟင်းနှင့် ရေများကို အာယုသုခလူမှုရေးအသင်းမှ လှူဒါန်းမည်ဖြစ်ပြီး ဆေးရုံအနီးတွင် ဈေးဆိုင်များမရှိသည့်အတွက် တက်ရောက်သူများ အခက်အခဲများ ကြုံတွေ့
Published 18 May 2018

ပခုက္ကူမြို့ မြို့ရှောင်လမ်းနံဘေးရှိ ၂၅ ခုတင်ဆံ့ တိုင်းရင်းဆေးရုံအား မေ ၁၇ ရက်က တွေ့ရစဉ်

ပခုက္ကူမြို့ မြို့ရှောင်လမ်းဘေးရှိ တိုင်းရင်းဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသည့် လူနာများအတွက် လိုအပ်နေသည့် ထမင်း၊ ဟင်းနှင့်ရေများကို အာယုသုခလူမှုရေးအသင်းမှ လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့ရှိ တိုင်းရင်းဆေးရုံမှာ မြို့ရှောင်လမ်းနံဘေး အစိုးရရုံးများအနီးတွင် တည်ရှိပြီး ဈေးဆိုင်များ၊ လူနေအိမ်များနှင့် အလှမ်းကွာဝေးသည့်အတွက် ဆေးရုံတက်ရောက်သူများမှာ ထမင်း၊ ဟင်းနှင့်ရေသန့်များ ဝယ်ယူစားသုံးနိုင်ရန် အခက်အခဲများ ကြုံတွေ့ရသည့်အတွက် အာယုသုခလူမှုရေးအသင်းမှ လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

ပခုက္ကူမြို့ရှိ တိုင်းရင်းဆေးရုံမှ တာဝန်ရှိသူများက အာယုသုခလူမှုရေးအသင်းမှထံ လူနာနှင့် လူနာစောင့်များအတွက် ထမင်း၊ ဟင်းနှင့်ရေသန့် ကူညီပေးရန် တောင်းခံလာခြင်းကြောင့် မေ ၁၇ ရက်မှစ၍ ထမင်း၊ ဟင်းနှင့်ရေသန့်များ အကူအညီပေးနေပြီဖြစ်ကြောင်း သိရသည်။

“တိုင်းရင်းဆေးရုံ တည်ရှိတဲ့နေရာက မြို့ရဲ့အစွန်ပိုင်း မြို့ရှောင်လမ်းအနီးနားမှာ တည်ရှိပြီးတော့ အနီးနားမှာ ဘာဆိုင်မှမရှိဘူး။ လာတက်တဲ့ လေဖြတ်တို့ လေငန်းတို့ဆိုတာက နာတာရှည်တွေဖြစ်တယ်။ ဆေးရုံဖွင့်တာလည်း သုံးလလေးလလောက် ရှိပြီဖြစ်တဲ့အတွက် နယ်ဘက်တွေကလည်း လာတက်နေကြပြီ။ စားသောက်ဖို့ ခက်ခဲကြတော့ ပိုက်ဆံရှိရင်တောင် အတော်လေးလှမ်းတယ်။ ဆေးရုံအုပ်ကိုယ်တိုင်က လှူပေးဖို့ အကူအညီတောင်းတာကြောင့် ဦးဇင်းတို့က သွားကြည့်တော့ တကယ်လိုအပ်လို့ ဒီနေ့ကပဲ စလှူတယ်” ဟု ပခုက္ကူမြို့ရှိ အာယုသုခလူမှုကူညီရေးအသင်းမှ ဦးဆောင်ဆရာတော် ဦးပညာဇောတက မိန့်ကြားသည်။

ပခုက္ကူမြို့ရှိ ၂၅ ကုတင်ဆံ့ တိုင်းရင်းဆေးရုံအား ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်ဖွင့်လှစ်ခဲ့ပြီး နေ့စဉ် အမြဲတမ်းလူနာ ၁၀ ဦးခန့်နှင့် ပြင်ပလူနာ ၅၀ ကျော် (စနေ၊ တနင်္ဂနွေပိတ်) တို့အား ကုသပေးနေကြောင်း သိရသည်။

ပခုက္ကူမြို့ရှိ ၂၅ ကုတင်ဆံ့ တိုင်းရင်းဆေးရုံတွင် တိုင်းရင်းဆေးဆရာမ ခုနစ်ဦး၊ ရုံးဝန်ထမ်း နှစ်ဦးဖြင့် လည်ပတ်နေရသည့်အတွက် ဝန်ထမ်းအင်အားလိုအပ်နေပြီး သန့်ရှင်းရေးနှင့် လုံခြုံရေးဝန်ထမ်းများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

တိုင်းရင်းဆေးရုံအတွက် ထမင်း၊ ဟင်းနှင့်ရေသန့်များ လှူဒါန်းပေးနေသည့် အာယုသုခလူမှုရေးအသင်းမှာ ပခုက္ကူပြည်သူ့ဆေးရုံကြီးတွင် နေ့စဉ်လူနာနှင့် လူနာစောင့် ၂၀၀ နီးပါးအတွက် ထမင်း၊ ဟင်းတို့အား လှူဒါန်းပေးနေပြီး အခမဲ့အောက်ဆီဂျင်အိုးများကိုလည်း ကူညီပေးနေကြောင်း သိရသည်။

Most Read

Most Recent