ဇလွန်မြို့နယ် ပြည်သူ့ဆေးရုံ၌ ဝန်ထမ်းအိမ်ရာ တည်ဆောက်မှု စံချိန်စံညွှန်းမမီသဖြင့် ဖျက်သိမ်းပြီး အသစ်ပြန်လည်တည်ဆောက်ရန် ကုသရေးဦးစီးဌာန ညွှန်ကြားထား

ဇလွန်မြို့နယ် ပြည်သူ့ဆေးရုံ၌ ဝန်ထမ်းအိမ်ရာ တည်ဆောက်မှု စံချိန်စံညွှန်းမမီသဖြင့် ဖျက်သိမ်းပြီး အသစ်ပြန်လည်တည်ဆောက်ရန် ကုသရေးဦးစီးဌာန ညွှန်ကြားထား
Published 18 May 2018

Ground Beam နှင့် Column တိုင် ဆက်စပ်မှုမရှိဘဲ Column တိုင် အခြေပြတ်နေသည်ကို တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီးရှိ ဇလွန်မြို့နယ်ပြည်သူ့ဆေးရုံ၌ ဝန်ထမ်းအိမ်ရာတည်ဆောက်မှု စံချိန်စံညွှန်းမမီသဖြင့် ဖျက်သိမ်းပြီး အသစ်ပြန်လည်တည်ဆောက်ရန် ကုသရေး ဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။

အဆိုပါအဆောက်အအုံကို ၁၀၄ ပေ x ၅၃ ပေရှိ လေးခန်းတွဲ လေးထပ် တည်ဆောက်နေခြင်းဖြစ်ပြီး ပထမထပ်ကြမ်းခင်းလောင်းသည့်အဆင့်အထိရောက်ချိန်၌ စံချိန်စံညွှန်း မမီမှုများ စိစစ်တွေ့ရှိခဲ့သဖြင့် အသစ်ပြန်လည်တည်ဆောက်ရန် သက်ဆိုင်ရာက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

“စစ်ဆေး တွေ့ရှိချက်အရ အဓိက အဆိုးဆုံးကတော့ Column တိုင်တစ်ခုနဲ့ တစ်ခု ချိတ်ဆက်မှု မရှိတာပေါ့။ Ground Beam Level မှာ Column တိုင်က တစ်ပေလောက် အဆက်ပြတ်နေတာကို သဲနဲ့ဖုံးထားတာ တွေ့ရှိရပါတယ်။ ဒါကအဆိုးဆုံးပေါ့။ ကျန်တာ သေးသေးကွေးကွေးတွေလည်း ရှိတာပေါ့။ အုတ်စီတဲ့နေရာမှာ သဲ၊ မဆလာ မပြည့်တာတို့ ဘာတို့ ဒါတွေ အသေးအဖွဲလေးတွေလည်း ရှိပါတယ်။ အဆောက်အအုံရဲ့ကြံ့ခိုင်မှုကို ထိခိုက်နိုင်တာက Column တိုင် တစ်ခုခုနဲ့ အချိတ်အဆက် မရှိတဲ့အပိုင်းပေါ့။ တစ်ပေလောက် ဟနေတဲ့အပိုင်းပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ အဆောက်အအုံကို ကြံ့ခိုင်ဖို့ တိုင်ဆိုတာကတော့ အဓိကထမ်းတဲ့ Member တစ်ခုဖြစ်တဲ့အတွက် ဒီအဆောက်အအုံကို ပြန်လည်ဖျက်သိမ်းပြီး အသစ်ပြန်ဆောက်ဖို့ လမ်းညွှန်မှုပေးထားပါတယ်။ အဆောက်အအုံတစ်ခုလုံးကိုပါ” ဟု တည်ဆောက်မှုလုပ်ငန်း စိစစ်ရေးတိုင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကြည်စွမ်း (တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး) က ပြောကြားသည်။

တည်ဆောက်မှုလုပ်ငန်း စိစစ်ရေး တိုင်းဒေသကြီး ကော်မတီဥက္ကဋ္ဌ ဝန်ကြီး ဦးဝင်းဌေးထံ ဇလွန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က တောင်းဆိုခဲ့ပြီးနောက် အဆိုပါ Third Party အဖွဲ့မှ ကွင်းဆင်း စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီက ဆက်သွယ်မှု တစ်ယောက်မှ မလုပ်ဘူး။ NLD က လူငယ်အဖွဲ့တွေ သွားကြည့်ခိုင်းတယ်။ အဓိကကတော့ မြို့နယ် NLD EC က ဒုတိယဥက္ကဋ္ဌ ဖထီး ဦးကျော်ငြိမ်းတို့တွေ သွားကြည့်တယ်။ အဲဒီလိုမျိုးတွေတော့ ဖြစ်နေပြီဆိုပြီး လှမ်းပြီးသတင်းပို့တာပေါ့။ သတင်းပို့တော့မှ စနေ၊ တနင်္ဂနွေ အားတဲ့ရက်မှာ ပြန်လာပြီးတော့ သွားကြည့်ရ ရှုရတယ်။ စစ်ဆေးရတယ်ဆိုတဲ့ ပုံစံမျိုးပေါ့။ တာဝန်ရှိတဲ့လူ ဆိုတာတွေကလည်း ဘယ်ရောက်နေမှန်းမှ မသိတာ။အခြေအနေကို ဘယ်လိုမှ ကျေနပ်ဖွယ်ရာ အနေအထားမျိုး မရှိတဲ့ အတွက်ပါ”  ဟု ဧရာဝတီတိုင်းဒေသကြီး အမှတ်(၄) မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးထိန်ဝင်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်၌ တာဝန်ပေါ့လျော့ခဲ့သူများကို စိစစ်ဖော်ထုတ် အရေးယူသင့်ပြီး အဆောက်အအုံအား အသစ် ပြန်လည် တည်ဆောက်ပါကလည်း လိုအပ်သည့် စောင့်ကြည့် စစ်ဆေးမှုများကို ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လက်ရှိ အဆောက်အအုံတည်ဆောက်ထားမှုအား ဖျက်သိမ်းပြီး အသစ်ပြန်လည် တည်ဆောက်ရန် သက်ဆိုင်ရာမှ ညွှန်ကြားထားမှုအပေါ် ကုမ္ပဏီဘက်မှ လိုက်နာဆောင်ရွက်မှု ရှိ၊ မရှိ သိရှိနိုင်ရန် ဇလွန်မြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာခင် ဌေးမြင့်ထံ မေးမြန်းခဲ့ရာ “ဒီလိုမျိုး စာထုတ်ထားတယ်။ အဆောက်အအုံကို ပြန်ဆောက်ပေးပါဆိုပြီး စာကို ပထမအကြိမ်ပို့တယ်။ နောက်တစ်ခါ ဒုတိယအကြိမ် ပို့တယ်။ ဒုတိယအကြိမ်ပို့ပြီးတဲ့အထိ ဘာမှဆက်သွယ်လာခြင်း မရှိတဲ့အတွက် ဘာလို့မဆက်သွယ် တာလဲဆိုပြီး အကျိုးအကြောင်းပြောတဲ့အခါကျမှ ဖုန်းဆက်လာတယ်။ သူတို့ရဲ့ သက်သာရာ သက်သာကြောင်း ညှိနှိုင်းနေလို့ဆိုပြီး ကျွန်မကိုပြောတယ်။ ဘာမှလာပြီး ဆောင်ရွက်ခြင်း မရှိဘူး။ မရှိတဲ့အတွက် ကျွန်မ တတိယအကြိမ် စာထုတ်ထားတယ်။ ဒီနေ့အထိ ကုမ္ပဏီအနေနဲ့ ဘာမှ ဆောင်ရွက်ပေးခြင်း မရှိပါဘူး” ဟု ဖြေကြားသည်။

Third Party ဖြင့် မစစ်ဆေးခင် အချိန်ကတည်းက မိမိအနေဖြင့် အဆောက်အအုံ၏ အားနည်းချက်ဟု ယူဆရသည့် အခြေအနေကို တည်ဆောက်မှုလုပ်ငန်း စိစစ်ရေး မြို့နယ်ကော်မတီထံ တင်ပြခဲ့သည့်အပြင် လွှတ်တော်ကိုယ်စားလှယ်များ သိရှိနိုင်ရန် အတွက်လည်း NLD ပါတီမှ တာဝန်ရှိသူများထံ အသိပေးခဲ့ကြောင်း၊ သက်ဆိုင်ရာမှ စစ်ဆေးချိန်၌လည်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ဆေးရုံအုပ်ကြီးက ပြောကြားသည်။

ယင်းအဆောက်အအုံကို ဆောင်းဟေမာန်ကုမ္ပဏီက တာဝန်ယူဆောက်လုပ်ခြင်း ဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေမှ ၅၃၃ ဒသမ ၅ သန်းခွင့်ပြုထားကာ ကုမ္ပဏီမှ အဆိုပါခွင့်ပြုရန်ပုံငွေ၏ ၇၉ ဒသမ ၀၂၅ သန်း ထုတ်ယူပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent