ပြစ်မှု သုံးခုစလုံးကို ကျူးလွန်ခြင်း မရှိကြောင်းနှင့် ပြည်နယ် တရားလွှတ်တော်သည် အကောင်းဆုံး ဆုံးဖြတ်ပေးနိုင်မည်ဟု ယူဆကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင် ပြောကြား

ပြစ်မှု သုံးခုစလုံးကို ကျူးလွန်ခြင်း မရှိကြောင်းနှင့် ပြည်နယ် တရားလွှတ်တော်သည် အကောင်းဆုံး ဆုံးဖြတ်ပေးနိုင်မည်ဟု ယူဆကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင် ပြောကြား
Published 17 May 2018

ပြစ်မှု သုံးခုစလုံးကို ကျူးလွန်ခြင်း မရှိကြောင်းနှင့် ပြည်နယ် တရားလွှတ်တော်သည် အကောင်းဆုံး ဆုံးဖြတ်ပေးနိုင်မည်ဟု ယူဆကြောင်း ပုဒ်မသုံးခုဖြင့် တရားစွဲဆို ခံထားရသော ဒေါက်တာအေးမောင်က မေ ၁၆ ရက်က ၁၁ ကြိမ်မြောက် ရုံးထုတ်တွင် ပြောကြားခဲ့ပြီး မေ ၃၀ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအမှုအား တရားလွှတ်တော်က ဆင့်ခေါ်ထားသည့်အတွက် မေ ၁၆ ရက် ရုံးချိန်းတွင် စစ်ဆေးခြင်း မရှိသေးကြောင်းနှင့် တရားလွှတ်တော်က ဆုံးဖြတ်ပြီးမှ ဆက်လက် စစ်ဆေးနိုင်ဖွယ်ရှိကြောင်း ဦးအောင်သန်းဝေက ပြောကြားသည်။

ယင်းသို့ ရုံးထုတ်လာစဉ်အတွင်း ဒေါက်တာအေးမောင်က “ကျွန်တော်တို့ အစကတည်းက ပြောပါတယ်။ ဒီပြစ်မှု သုံးခုစလုံးကို ကျွန်တော် မကျူးလွန်ဘူး။ ကျွန်တော်တို့ကလည်း ပြည်နယ်တရားလွှတ်တော်ကို တင်တယ်။ ပြည်နယ် တရားလွှတ်တော်ကလည်း အကောင်းဆုံး ဆုံးဖြတ်ပေးနိုင်လိမ့်မယ်လို့ ထင်တယ်။ တတိယအကြိမ် ပင်လုံမတိုင်ခင် အဆုံးအဖြတ်တစ်ခု ရမယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်။ မေ ၃ ရက်က လျှောက်လဲချက် ပေးတဲ့အခါမှာလည်း ကျွန်တော်တို့ဘက်က စီရင်ထုံးကို ကိုးကားပြီးတော့ တော်တော် တင်ပြခဲ့တာ ရှိပါတယ်။ ဒီအမှု သုံးခုစလုံးကို ပယ်ဖျက်ပေးဖို့ ကျွန်တော်တို့ တင်ထားတာကို လက်ခံနိုင်ပြီလို့ ကျွန်တော်တို့ ယုံလည်း ယုံကြည်တယ်။ ပြည်သူလူထုကလည်း ယုံကြည်တယ်လို့ ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်တို့ကို ပုဒ်မသုံးခုနဲ့ တရားစွဲထားတာဟာ ပုဒ်မ ၂၂ ကို ဆန့်ကျင်တယ်။ စကားရပ်ရဲ့ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အစိုးရက လိုက်နာဖို့လိုတယ်။ ပြည်ထောင်စု အစိုးရက လိုက်နာသလို ပြည်နယ်အစိုးရကလည်း အလေးအနက်ထားဖို့ လိုတယ်။ အဲဒီ ဥပဒေအရဆိုရင် ပြည်နယ်အစိုးရက ကျွန်တော်တို့ကို ပုဒ်မသုံးခုနဲ့ ဖွင့်လို့ကို မရဘူး။ တစ်ခုနဲ့ပဲ ဖွင့်ရမယ်။ အဲဒီတော့ သုံးခုနဲ့ ဖွင့်ထားတာဟာ မတရားသဖြင့် ထောင်အချုပ်ထဲမှာ အထားခံနေရတဲ့ သဘောဖြစ်တယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ ပြောကြားချက်နဲ့ ဆန့်ကျင်နေတယ်”ဟု ပြောကြားသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ဇန်နဝါရီ ၁၅ ရက်က ရသေ့တောင်မြို့၌ ပြုလုပ်ခဲ့သည့် ၂၃၃ နှစ်မြောက် ရခိုင် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် စာပေဟောပြောပွဲတွင် ဟောပြောမှုဖြင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၅၀၅ (ခ) (ဂ) ၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁) တို့ဖြင့် တရားစွဲဆို ထားခံရသည်။

ဒေါက်တာအေးမောင်အပေါ် တရားစွဲဆိုထားချက်ကို ပယ်ဖျက်ပေးရန် ရခိုင်ပြည်နယ် တရားလွှတ်တော်သို့ လျှောက်ထားချက်အား နှစ်ဖက်ရှေ့နေများက မေ ၃ ရက် က လျှောက်လဲချက် တင်သွင်းခဲ့သည်။

ယင်းသို့ လျှောက်လဲချက်ပေးခဲ့ခြင်းနှင့် ပတ်သက်ပြီး ဒေါက်တာအေးမောင်ဘက်မှ ရှေ့နေ ဦးအောင်ကျော်စိန်က “ဒေါက်တာ အေးမောင်နဲ့ ဝေဟင်အောင်အပေါ်မှာ စွဲဆိုထားတဲ့ နိုင်ငံတော် ပုန်ကန်သစ္စာဖောက်ဖျက်မှု၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၂ နဲ့ပတ်သက်လို့ ဒေါက်တာအေးမောင် ကိုယ်စား ကျွန်တော် လျှောက်လဲချက်ပေးခဲ့တယ်။ အချက်ငါးချက်ကို အခြေခံပြီး ကျွန်တော့်ဘက်က လျှောက်လဲတာ ဖြစ်ပါတယ်။ ဥပဒေအရ ကိုက်ညီမှုမရှိဘူးဆိုတဲ့ဘက်က လျှောက်လဲခဲ့ပါတယ်”ဟု ပြောကြားသည်။

Most Read

Most Recent