ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို စာရွက်စာတမ်းများ မပေးခဲ့ဟု ရဲဒုတပ်ကြပ်နိုင်လင်းက ထွက်ဆိုခဲ့ပြီး ရဲတပ်ကြပ်ကြီး ခင်မောင်လင်းအား အမြဲတမ်း ထုတ်ပယ်လိုက်ကြောင်း သိရ

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို စာရွက်စာတမ်းများ မပေးခဲ့ဟု ရဲဒုတပ်ကြပ်နိုင်လင်းက ထွက်ဆိုခဲ့ပြီး ရဲတပ်ကြပ်ကြီး ခင်မောင်လင်းအား အမြဲတမ်း ထုတ်ပယ်လိုက်ကြောင်း သိရ
Published 17 May 2018

တရားရုံးသို့ လာရောက် ထွက်ဆိုသည့် ဒုတပ်ကြပ်နိုင်လင်းအား တွေ့ရစဉ် (ဓာတ်ပုံ- ကြည်နိုင်)

ရိုက်တာသတင်းဌာမှ မြန်မာသတင်းထောက်နှစ်ဦး၏ အမှု (၁၈) ကြိမ်မြောက် ရုံးချိန်းအဖြစ် မေ ၁၆ ရက်က မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီး ရုံးချိန်းတွင် တရားလိုပြ သက်သေအဖြစ် လာရောက် ထွက်ဆိုခဲ့သော ရဲဒုတပ်ကြပ်နိုင်လင်းက သတင်းထောက်နှစ်ဦးကို စာရွက်စာတမ်းများ မပေးခဲ့ကြောင်း ထွက်ဆိုခဲ့သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်ဇော်အောင်က ပြောကြားသည်။

ထို့ပြင် ဒုရဲမှူးဟောင်း မိုးရန်နိုင်နှင့်အတူ တစ်ပါတည်း ထိန်းသိမ်းချုပ်နှောင်ခံရသော ရဲတပ်ကြပ်ကြီး ခင်မောင်လင်းကို တပ်ဖွဲ့မှ အမြဲတမ်း ထုတ်ပယ်လိုက်ပြီ ဖြစ်သည်ဟု မှုခင်းမှတ်တမ်းအဖွဲ့မှ တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း၊ ဒုတပ်ကြပ် နိုင်လင်း ကိုယ်တိုင်လည်း အချုပ်ထဲတွင် ကိုးရက်ကြာ နေခဲ့ရကြောင်း သိရသည်။

သတင်းထောက်နှစ်ဦး၏ ရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က “ဒီကနေ့ စစ်တဲ့အထဲမှာ သူ (ဒုတပ်ကြပ် နိုင်လင်း) က စာရွက်စာတမ်းတွေကို မပေးခဲ့ဘူး။ ဝလုံးတို့က ဘာမှမတောင်းလို့ သူက ဘာမှမပေးခဲ့ဘူးဆိုတာ ပြောသွားတယ်။ ရဲမှူးချုပ် တင်ကိုကို ဒီဟာကို အမိန့်ပေးတာ မဟုတ်ဘူးဆိုတဲ့ အကြောင်းတွေ။ သူတို့ကို စစ်ဆေးတဲ့အထဲမှာ ရဲမှူးချုပ်တင်ကိုကို ရယ်လို့တော့ By name နဲ့ မပြောဘူး။ အရပ်ဝတ်နဲ့ အရာရှိတွေ စစ်ဆေးတယ် ဆိုတဲ့အကြောင်း၊ သူကိုယ်တိုင်လည်း စစ်ဆေးခံရပြီးတော့ ကိုးရက် အချုပ်ကျခဲ့တယ် ဆိုတဲ့အကြောင်း ပြောသွားတယ်။ တပ်ကြပ်ကြီး ခင်မောင်လင်း နဲ့ပတ်သက်ပြီးတော့ ဘယ်မှာရှိနေတယ် ဆိုတဲ့အကြောင်း မသိရဘူး။ ဒီကနေ့ ရုံးတော်မှာတော့ တပ်ကြပ်ကြီး ခင်မောင်လင်းကို အမြဲတမ်း ထုတ်ပယ်လိုက်တယ် ဆိုတဲ့ဟာကို မှုခင်းမှတ်တမ်းအဖွဲ့ကနေ လာရောက် ထွက်ဆိုသွားတယ်” ဟု မီဒီယာများသို့ ပြောကြားသည်။

ဒုတပ်ကြပ်နိုင်လင်း အနေဖြင့် သတင်းထောက် ကိုဝလုံးတို့ကို ဆိုင်ကယ်ဖြင့် စားသောက်ဆိုင်သို့ ဦးဆောင်ခေါ်သွားခဲ့သည်ဟု ပြောကြားကြောင်း၊ ၎င်းနှင့် အခြားမည်သူမှ မပါကြောင်းကို အကြိမ်ကြိမ် ငြင်းဆန်သွားကြောင်း၊ ဒုတပ်ကြပ်နိုင်လင်း၏ ဖုန်းမှတ်တမ်းများကို ရုံးတော်မှ ယူဆောင်ပေးရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ သမ္မာန်စာ ထုတ်ပေးဖို့ လျှောက်ထားမှုကို တရားရုံးမှ ခွင့်မပြုခဲ့ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

“ရဲချုပ်က မနေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်။ ဒီအမှု နောက်သက်သေတွေ စောင့်ကြည့်ပါတို့၊ ရဲမှူးချုပ်တင်ကိုကိုနဲ့ မဆိုင်ပါဘူးဆိုတဲ့ စကားတွေ။ ဒါတွေက တရားရုံးတစ်ခုမှာ အမှုစစ်ဆေးနေတဲ့အချိန်မှာ ဒီလိုမျိုးပြောဆိုခြင်းက ဒါအမှုအတွက် ထိခိုက်နိုင်တယ်နော်။ ကြိုတင်ပြီးတော့ ပြောဆိုထားတဲ့ဟာတွေက ဒီအမှုပေါ် တစ်စုံတစ်ရာ သက်ရောက်မှုရှိမယ်လို့ ကျွန်တော် ယူဆတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းဇော်အောင်က ပြောကြားသည်။

နောက်ထပ် ရုံးချိန်းကို မေ ၂၁ ၊ ၂၂ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ပြီး တစ်ပတ် နှစ်ရက် စစ်ဆေးသွားမည်ဖြစ်ကာ CID မှ ရဲအရာရှိ တစ်ဦး သို့မဟုတ် နေပြည်တော်မှ နည်းပညာကျွမ်းကျင်သူ တစ်ဦးတို့ကို တရားလိုပြ သက်သေအဖြစ် စစ်ဆေးသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ အမြဲတမ်း ထုတ်ပယ်ခံရသော တပ်ကြပ်ကြီးဟောင်း ခင်မောင်လင်း အနေဖြင့် သက်သေစာရင်းတွင် ရှိနေသေးကြောင်း သိရသည်။

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နှစ်ဦးကို ဖမ်းဆီးအရေးယူခဲ့ခြင်းမှာ ရဲမှူးချုပ်တင်ကိုကို၏ စေခိုင်းမှုဖြင့် ထောက်ချောက်ဆင် ဖမ်းခြင်းဖြစ်ပြီး ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်တွင် ရဲဒုတပ်ကြပ်နိုင်လင်းအား သတင်းထောက် ကိုဝလုံးတို့နှင့် တွေ့ဆုံစေကာ စာရွက်စာတမ်းများ ပေးခိုင်းခြင်းကို သိရှိကြောင်း ဒုရဲမှူးဟောင်း မိုးရန်နိုင်က တရားလိုပြသက်သေအဖြစ် ယခင်ရုံးချိန်းတွင် ထွက်ဆိုထားသည်။

သို့သော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် အောင်ဝင်းဦးက ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား ထောင်ချောက်ဆင် ဖမ်းဆီးရန် ရဲမှူးချုပ်တင်ကိုကိုက အမိန့်တစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိဟု နေပြည်တော်တွင် မေ ၁၅ ရက်က ပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ရှင်လင်းပွဲတွင် ပြောကြားခဲ့သည်။

မြန်မာသတင်းထောက် ကိုဝလုံး (ခေါ်) သက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့နှစ်ဦးကို အစိုးရ လျှို့ဝှက်စာရွက်စာတမ်းတွေနဲ့အတူ တွေ့ရှိသည်ဟုဆိုကာ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ - ၃(၁)(ဂ)ဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးယုနိုင် က တရားလိုပြုလုပ်၍ မြောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုခဲ့သည်။ အမှုမှာ စတင်ဖမ်းဆီးစဉ်မှ တရားရင်ဆိုင်ရသည့်ကာလ ယနေ့ ချိန်ထိ ခြောက်လခန့် ကြာမြင့်လာပြီဖြစ်ကာ တရားလိုပြသက်သေ ၂၅ ဦးအနက် ၁၉ ဦး ကို စစ်ဆေးပြီး ဖြစ်သည်။

Most Read

Most Recent