လူမှုကွန်ရက်တွင် စီမံကိန်းများနှင့် လာဘ်စားမှုကိစ္စ စွပ်စွဲရေးသားသည်ဟုဆိုကာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့က Nyunt Wai Mg (Bagominthar) အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်

လူမှုကွန်ရက်တွင် စီမံကိန်းများနှင့် လာဘ်စားမှုကိစ္စ စွပ်စွဲရေးသားသည်ဟုဆိုကာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့က Nyunt Wai Mg (Bagominthar) အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်
Published 17 May 2018

လူမှုကွန်ရက်တွင် စီမံကိန်းများနှင့် လာဘ်စားမှုကိစ္စ စွပ်စွဲရေးသားသည်ဟု ဆိုကာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့က Nyunt Wai Mg (Bagominthar) အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မေ ၁၅ ရက် ညနေပိုင်းက ပဲခူးမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ မေ ၁၀ ရက် မွန်းလွဲ ၁ နာရီ က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ ဦးစီးအရာရှိ ဦးဥက္ကာသန်း (၃၁နှစ်) (ဘ) ဦးကြည်သန်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ Facebook အသုံးပြုနေစဉ် Nyunt Wai Mg (Bagominthar) အကောင့်ပိုင်ရှင်က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ အပါအဝင် ပဲခူးစည်ပင်ကော်မတီဝင် တစ်ဦး၏ အဂတိလိုက်စားမှု အချက်အလက်များကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားရန် ဒေသခံပြည်သူအချို့က ပြင်ဆင်နေကြောင်း၊ ပြုတ်သွားသော စည်ပင်ဝန်ကြီး၏ တင်ဒါလာဘ်စားမှုကိစ္စ၊ ပြုတ်သွားသော သစ်တောဝန်ကြီး၏ သစ်ကိစ္စ လာဘ်စားမှု၊ ပဲခူးမြို့နယ် စည်ပင်ဌာနက လာဘ်ပေးသည့် ငွေကြေးအပေါ် ပဲခူးစည်/ကော် သုံးဦး မှ ဦးအောင်ခင်နှင့် ဒေါ်မြင့်မြင့်ဝေက ငြင်းပယ်သော်လည်း ကျန်တစ်ဦးက လက်ခံသည့် ကိစ္စ၊ ပဲခူးစီမံဝန်ကြီး၏ တစ်ဖက်လှည့် ရယူလိုက်သော စီမံကိန်းကိစ္စ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း၏ ပဲခူးမြို့မှ အိမ်သစ်ကြီးကိစ္စ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ၎င်း၏ အစ်ကိုအမည်ဖြင့် ပြည်ခရိုင်ထွေအုပ်၊ ပြည်မြို့နယ်ထွေအုပ်၊ ပန်းတောင်းမြို့နယ်ထွေအုပ် တို့နှင့်ပေါင်းပြီး ဧရာဝတီမြစ်ထဲမှ ကျောက်ထုတ်ယူခြင်း လုပ်ကွက်ကြီး သုံးခုနှင့် အချက်အလက်များ၊ ပဲခူးတိုင်း အစိုးရအဖွဲ့မှ ဝန်ကြီးချုပ် ဦးဝင်းသိန်းမှ စပြီး အသားထဲက လောက်ထွက်ကုန်ကြသည့်ကိစ္စများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားသွားမည့်အကြောင်း သတင်းထွက်ပေါ်ခဲ့ပါပြီ ဟူသော စာသားများ ရေးသားဖော်ပြခဲ့သည်ကို တွေ့ရှိရပြီးလျှင် ဝန်ကြီးချုပ် ဦးဝင်းသိန်းအား တင်ပြခဲ့သည်ဟု ဆိုသော စာသားများ ရေးသားဖော်ပြထားသည်ကို တွေ့ရသည်ဟု ဆိုသည်။

ထို့အတွက် အထက်ပါ အချက်များမှာ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၏ ဂုဏ်သိက္ခာကို ထိခိုက် ညှိုးနွမ်းစေသည်ဟုဆိုကာ ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် ပဲခူးတိုင်းအစိုးရအဖွဲ့ ဦးစီးအရာရှိ ဦးဥက္ကာသန်းက ပဲခူးမြို့မ ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

“အမှုဖွင့်ထားတာ ဟုတ်ပါတယ်။ ဘာမှ မသိရသေးဘူး။ အမှု တည်ဆောက်ဆဲပါ။ မနေ့က ညနေက လာဖွင့်တာ။ အားလုံးရဲ့ ကိုယ်စား ဦးဥက္ကာသန်း တစ်ယောက်တည်းက လာဖွင့်တာပါ။ အကောင့်ပိုင်ရှင်ကို မမိသေးပါဘူး။ ဖမ်းဆီးရမိရေး ဆောင်ရွက်နေဆဲပါ”ဟု ပဲခူးမြို့မရဲစခန်းမှ ရဲအုပ်နေဖြိုးလင်းက ပြောကြားသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ Nyunt Wai Mg (Bagominthar) အကောင့်ပိုင်ရှင်အား ပဲခူးမြို့မရဲစခန်းတွင် မေ ၁၅ ရက် ညနေ ၅ နာရီက (ပ) ၁၀၂၁/၂၀၁၈ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Most Read

Most Recent