လာဘ်စားရာတွင် ညီညွတ်စွာ ပေါင်းစား၊ လုပ်စားရန် ပြောကြားသည်ဆိုသည့် အကောက်ခွန် ညွှန်ကြားရေးမှူးနှင့် ယာဉ်တင်သွင်းမှုများ၌ လာဘ်စားသည့် အကောက်ခွန်ဝန်ထမ်း ၂၄ ဦးအား စစ်ဆေးနေကြောင်း စီမံ/ဘဏ္ဍာ အမြဲတမ်းအတွင်းဝန် ပြောကြား

လာဘ်စားရာတွင် ညီညွတ်စွာ ပေါင်းစား၊ လုပ်စားရန် ပြောကြားသည်ဆိုသည့် အကောက်ခွန် ညွှန်ကြားရေးမှူးနှင့် ယာဉ်တင်သွင်းမှုများ၌ လာဘ်စားသည့် အကောက်ခွန်ဝန်ထမ်း ၂၄ ဦးအား စစ်ဆေးနေကြောင်း စီမံ/ဘဏ္ဍာ အမြဲတမ်းအတွင်းဝန် ပြောကြား
Published 17 May 2018

လာဘ်စားရာတွင် ညီညွတ်စွာ ပေါင်းစား၊ လုပ်စားရန် ပြောကြားသည်ဆိုသည့် အကောက်ခွန်ညွှန်ကြားရေးမှူး ဦးယဉ်မင်းအောင်နှင့် ယာဉ်တင်သွင်းမှုများတွင် လာဘ်စားသည်ဆိုသည့် အကောက်ခွန်ဝန်ထမ်း ၂၄ ဦးကို စစ်ဆေးနေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်က ပြောကြားသည်။

လတ်တလောတွင် ယာဉ်တင်သွင်းမှုများ၌ လာဘ်စားသူ အကောက်ခွန်ဝန်ထမ်းများကို အရေးယူလိုက်ကြောင်း သတင်းများ ထွက်ပေါ်နေသည့်အပြင် လာဘ်စားရာတွင် ညီညွတ်စွာ ပေါင်းစား၊ လုပ်စားရန် အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ပြောကြားသည်ဟု လူမှုကွန်ရက်တွင် ပျံ့နှံ့နေမှုကို စုံစမ်းစစ်ဆေးရန် အစိုးရအဖွဲ့က မေ ၁၄ ရက်တွင် ညွှန်ကြားထားမှုများနှင့် ပတ်သက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်အား The Daily Eleven သတင်းစာက မေ ၁၆ ရက်တွင် ဆက်သွယ် မေးမြန်းခဲ့သည်။

“Custom ညွှန်ကြားရေးမှူး ဦးယဉ်မင်းအောင်၏ ပြောကြားချက်အား ဌာနတွင်း စစ်ဆေးနေမှု (DE) ရလဒ်နှင့် အကောက်ခွန် အရာရှိနှင့် အမှုထမ်း ၂၄ ဦးကို ယာဉ်ကိစ္စ လာဘ်စားမှုကြောင့် အရေးယူထားသည်”ဟု သတင်းများ ထွက်ပေါ်နေမှု ဖြေကြားပေးရန် The Daily Eleven သတင်းစာက ဆက်သွယ်မေးမြန်းရာတွင် ဦးထွန်းထွန်းနိုင်က ၎င်းအနေဖြင့် ဒုတိယသမ္မတ၏ အစည်းအဝေးသို့ တက်ရောက်နေကြောင်း တုံ့ပြန်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်များကို “စစ်ဆေးဆဲဖြစ်ပါတယ်” ဟု ဖြေကြားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့တွင် စစ်ဆေးနေကြောင်း မေ ၁၂ ရက်တွင် သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် မေ ၁၃ ရက်တွင် “ရွှေတံခါးမှူးချစ်သူ မီဒီယာစာမျက်နှာ” Facebook Page မှ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယဉ်မင်းအောင်က လာဘ်စားရာတွင် အန္တရာယ်ကင်းအောင် လာဘ်စားရန် နှင့် အထက်အောက် ညီညီညွတ်ညွတ် ပေါင်းစား လုပ်စားရန် ပြောကြားသည်ဟု ဆိုကာ ရုပ်သံဖိုင်တစ်ခု တင်ခဲ့ပြီး မေ ၁၄ ရက်တွင် April Maung Maung အမည်ဖြင့် Facebook သုံးစွဲသူနှင့် အခြားသူများက ထပ်ဆင့် မျှဝေကာ လူမှုကွန်ရက်တွင် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။ ထို့နောက် အကောက်ခွန်အရာရှိနှင့် အမှုထမ်း ၂၄ ဦးကို လာဘ်စားမှုများနှင့် အရေးယူနေကြောင်း သတင်းများ ထပ်ဆင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

အကောက်ခွန် ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးယဉ်မင်းအောင်က ပြောကြားသည်ဟု ဆိုသည့် အသံမှတ်တမ်းများတွင် “ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်။ ခင်ဗျားလည်း တစ်ကျပ်ရမယ်။ ဟုတ်ပြီ အခုချိန်သည် နဲနဲနဲ့ပါးပါးနဲ့ အန္တရာယ်ကင်းအောင် လုပ်ရမဲ့အချိန်။ ဘယ်လိုအချိန်လဲ (နည်းနည်းနဲ့ ပါးပါး နဲ့ အန္တရာယ်ကင်းအောင် လုပ်ရမယ့်အချိန်) ဘယ်လိုအချိန်လဲ။ (နည်းနည်းနဲ့ ပါးပါးနဲ့ အန္တရာယ်ကင်းအောင် လုပ်ရမယ့်အချိန်)။ အားလုံးဟာ ဘေးအန္တရာယ်ကင်းရှင်းဖို့ လိုတယ်။ အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိဖို့လိုတယ်။ အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိဖို့ကို အားလုံး ကျေနပ်နေဖို့ လိုတယ်နော်။ သဘောတူနေဖို့ လိုတယ်။ ... သို့သော် အဲဒီထဲမှာ ကိုယ်ရဲ့ လက်ရှိအဆင့်ထက် ကျော်လွန်ပြီးတော့မှ လောဘတွေ မတက်ပါနဲ့နော်။ ဆင်လည်း ဆင်အစာ။ မြင်းလည်း မြင်းအစာ။ ဆိတ်လည်း ဆိတ်အစာ။ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အစာ သူ့အစာနဲ့ သူရှိပါတယ်။ ဟိုဘက် ဒီဘက် ဘောင်မကျော်ပါနဲ့။ ဒါဆိုရင် ခင်ဗျားတို့ အချင်းချင်းမှာရှိနေတဲ့ ဆက်ဆံရေးတွေ အားလုံး ပြေလည်ပြီးတော့မှ ပြဿနာဆိုတာ မရှိတော့ဘူး။ ဒါဆိုရှင်းလား မသိဘူး (ရှင်းပါတယ်)နော်။ နောက်တစ်ခုက အားလုံး ညီနေရင် တစ်ယောက်ဖောက်ရင် သိပ်သိသာတယ်။ အားလုံးက ညီညီညွတ်ညွတ်နဲ့အားလုံး တပြေးညီ လုပ်တယ်ဆိုရင် တစ်ယောက် ဖောက်ရင်၊ ဖောက်တဲ့နေရာ ချက်ချင်း သတင်းထွက်တယ်နော်။ ဒါသည် ဘာလဲ အားလုံး ထိန်းပြီးတော့မှ လုပ်သွားကြဖို့ ဒါလေးကို လိုပါတယ် ...”စသည့် စကားများ ပါဝင်ပြောကြားသည်ဟု ဖော်ပြထားသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် သားဖြစ်သူအား စစ်ဆေးမေးမြန်းနေသည်၊ နေအိမ်ပြင်ပ ထွက်ခွင့်မပြုဆိုသည့် အခြေအနေများ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဦးကျော်ဝင်း အနေဖြင့် အစိုးရယန္တရားအတွင်းမှ ပေးအပ်ထားသော တာဝန်များအပြင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ တာဝန်များကိုပါ ပြန်လည် ထမ်းဆောင်နေသည်။ ထိုသို့ တာဝန် ပြန်လည် ထမ်းဆောင်နေမှုများကို နိုင်ငံပိုင်သတင်းစာနှင့် စီမံ/ဘဏ္ဍာဝန်ကြီးဌာန Website မှ ဖော်ပြနေသော်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက စစ်ဆေးနေသည်ဆိုသည့် သတင်းများ ပျံ့နှံ့နေမှုနှင့် မီဒီယာများတွင် ရေးသားနေမှုအပေါ် ကာယကံရှင် ဦးကျော်ဝင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ မေ ၁၆ ရက်အထိ တုံ့ပြန်ဖြေရှင်းမှု မရှိချေ။ ထိုသို့ ဖြေရှင်းမှု မရှိသည့်အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် က ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များကို စစ်ဆေးနေသည် ဆိုသည့်အပေါ် အစိုးရဘက်မှ ပြောရန် မရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားပြီး NLD အစိုးရ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းအား စုံစမ်းစစ်ဆေးနေသည် ဆိုသည့်သတင်းများ ထွက်ပေါ်နေမှုနှင့် ပတ်သက်၍ တရားဝင် သတင်းထုတ်ပြန်ပေးမည် ဖြစ်ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့်က ဆိုသည်။

Most Read

Most Recent