ရခိုင်ပြည်နယ်ရှိ အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည့် ARSA ကိုလည်း အရေးယူရန်လိုအပ်ပြီး အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရာတွင် ARSA အကြမ်းဖက်သမားများ၏ ရက်စက်မှုများလည်း ပါဝင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မြန်မာသံအမတ်ကြီး တုံ့ပြန်

ရခိုင်ပြည်နယ်ရှိ အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည့် ARSA ကိုလည်း အရေးယူရန်လိုအပ်ပြီး အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရာတွင် ARSA အကြမ်းဖက်သမားများ၏ ရက်စက်မှုများလည်း ပါဝင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မြန်မာသံအမတ်ကြီး တုံ့ပြန်
Published 17 May 2018

ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၌ မေ ၁၄ ရက်တွင် ကျင်းပခဲ့သည့် တံခါးဖွင့်ရှင်းလင်းပွဲအား တွေ့ရစဉ် (Photo း Myanmar State Counsellor Office)

ရခိုင်ပြည်နယ်ရှိ အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည့် ARSA ကိုလည်း အရေးယူရန်လိုအပ်ပြီး အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရာတွင် ARSA အကြမ်းဖက်သမားများ၏ ရက်စက်မှုများလည်း ပါဝင်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တုံ့ပြန်ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံများ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ မေ ၁၄ ရက်တွင် ကျင်းပခဲ့သည့် တံခါးဖွင့် ရှင်းလင်းပွဲတွင် အထက်ပါအတိုင်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါရှင်းလင်းပွဲတွင် မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မည်သည့်လူ့အခွင့်အရေး ချိုးဖောက်မှုများကိုမျှ အကာအကွယ်ပေးမည် မဟုတ်ကြောင်းကို မြန်မာအစိုးရအနေဖြင့် ထပ်တလဲလဲ ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ အထောက်အထားတင်ပြနိုင်သည့် စွပ်စွဲချက်များကို တရားဥပဒေအရ စစ်ဆေးအရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုများနှင့်ပတ်သက်၍ လက်ရှိကြုံတွေ့နေရသည့် လူသားချင်းစာနာမှု ပြဿနာသည် ARSA အကြမ်းဖက်သမားများက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ နယ်စပ်လုံခြုံရေးစခန်း ၃၀ ကို တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ပေါ်ခဲ့သည်ကို မမေ့သင့်ကြောင်း၊ ပဋိပက္ခ၏ အရင်းအမြစ်နှင့် အပြစ်မဲ့ ဟိန္ဒူ၊ ရခိုင်ဗုဒ္ဓဘာသာနှင့် အခြားတိုင်းရင်းသား မျိုးနွယ်စုများကို အကြမ်းဖက်သမားများက ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုများကို အနောက်မီဒီယာများက မသိကျိုးကျွန်ပြုနေကြကြောင်း၊ မွတ်စလင်များ နှိပ်စက်ခံသားကောင်ဖြစ်နေရကြောင်း ဇာတ်နာအောင် ဖန်တီးမှုများကို တရစပ်ဖော်ပြမှုများအောက်တွင် အမှန်တရားသည် ဖုံးကွယ်ခံနေရကြောင်း၊ အလွန်ရှုပ်ထွေးပြီး နိုင်ငံရေးအရ ထိခိုက်လွယ်သည့် ရခိုင်ပြဿနာကို မျှတမှုရှိပြီး အပြုသဘောဆောင်သည့် နည်းလမ်းဖြင့်သာ မှန်ကန်စွာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက တုံ့ပြန်ပြောကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် မေ ၁ ရက်တွင် မောင်တောမြို့သို့ သွားရောက်ခဲ့သည့် လုံခြုံရေးကောင်စီ၏ ခရီးစဉ်အတွင်း ရခိုင်၊ မြို၊မရမာကြီးနှင့် ဟိန္ဒူ ၂၀ ခန့်က ARSA အကြမ်းဖက်များ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် ရင်ဆိုင်ရသည့် ၎င်းတို့၏ အတွေ့အကြုံများကို လုံခြုံရေးကောင်စီအဖွဲ့ဝင်များထံ ထွက်ဆိုပြောကြားနိုင်ရန် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ စောင့်ဆိုင်းနေခဲ့ကြကြောင်း၊ သို့သော်လည်း အချိန်အကန့်အသတ်ကြောင့် ရခိုင်အမျိုးသမီးတစ်ဦးနှင့် ဟိန္ဒူအမျိုးသမီးတစ်ဦးသာ ARSA အကြမ်းဖက်များက ကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို ပြောကြားခွင့်ရခဲ့ကြကြောင်း၊ ရခိုင်လူမျိုးများ၏ ဝမ်းနည်းဖွယ် အဖြစ်အပျက်များသည် အသိုက်အဝန်းတစ်ခု၏ ပြောကြားချက်များကိုသာ တစ်ဖက်သတ် နားထောင်လိုသူ အချို့၏ မသိကျိုးကျွန်ပြုမှုခံခဲ့ရကြောင်း ဦးဟောက်ဒိုဆွမ်းက တုံ့ပြန်ပြောကြားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်လက်ပြီး ဦးဟောက်ဒိုဆွမ်းက ၎င်းတို့သည် ၂၀၁၇ ခုနှစ် သြဂုတ် ၂၈ ရက်က မောင်တောမြို့နယ် ကုန်တိုင်ကျေးရွာ၌ ARSA အကြမ်းဖက်သမားများက မြိုတိုင်းရင်းသား ခုနစ်ဦးအား သတ်ဖြတ်ခဲ့မှု၊ အိမ်ခြေ ၂၆၂၅ လုံး မီးရှို့ခံခဲ့ရမှု စသည့်ရက်စက်ကြမ်းကြုတ်သော အဖြစ်အပျက်များကို မျက်မြင်ကြုံတွေ့ခဲ့ကြရသူများဖြစ်ကြောင်း၊ ထို့ပြင် ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်က ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက်၌ ARSA အကြမ်းဖက်များ ပြန်ပေးဆွဲခံခဲ့ရသူ ၁၀၀ အနက် အသတ်ခံခဲ့ရသည့် ဟိန္ဒူရုပ်အလောင်း ၄၅ လောင်းကို တူးဖော်တွေ့ရှိမှုတွင်လည်း မျက်မြင်ကြုံတွေ့ခဲ့ကြသူများဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ARSA အနေဖြင့် ဒုက္ခသည်စခန်းများ၌ ခြေကုပ်ယူလျက်ရှိနေပြီး အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုတို့ အမာခံနယ်မြေတစ်ခု မကြာမီဖြစ်လာလိမ့်မည်ဖြစ်ကြောင်း၊ မေ ၉ ရက်တွင် လေးဦးမှ ခြောက်ဦးအထိပါဝင်သည့် အကြမ်းဖက်အုပ်စုသည် ဘူလူကာလီ ဒုက္ခသည်စခန်းသို့ ဝင်ရောက်ခဲ့ပြီး အသက် (၄၆)နှစ်အရွယ် Mohamed Faisal Ulhag ဆိုသူအား ခေါ်ထုတ်ကာ ဓားဖြင့်ထိုးသတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ၎င်းင်းသည် နေရပ်တိမ်းရှောင်နေသူများ ရခိုင်ပြည်နယ်သို့ပြန်ရန် လှုံ့ဆော်စည်းရုံးနေသူတစ်ဦးဖြစ်သည်ဟု သိရှိရကြောင်း သံအမတ်ကြီးဦးဟောက်ဒိုဆွမ်းက ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး ဦးဟောက်ဒိုဆွမ်းက မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသူများ ပြန်လည်လာရောက်ရေးအတွက် သင့်လျော်သည့် ပတ်ဝန်းကျင်များကို ပြင်ဆင်ထားကြောင်း၊ နေရပ်စွန့်ခွာသူများ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိသည့် ဆန္ဒအလျောက် နေရပ်သို့ ပြန်လည်လာရောက်ရေးအတွက် ကုလသမဂ္ဂအေဂျင်စီများနှင့် ထိတွေ့ဆောင်ရွက်လျက်ရှိပြီး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP) နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့နှင့် နားလည်မှုစာချွန်လွှာ (MoU) တစ်ရပ်ချုပ်ဆိုနိုင်ရန် တက်ကြွစွာ ဆွေးနွေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားသည်။

ရခိုင်ပြည်နယ်၌ ကြုံတွေ့နေရသည့် ပြဿနာရပ်များကို ဖြေရှင်းရာတွင် လက်ရှိအရေးအကြီးဆုံး လုပ်ဆောင်ရန်မှာ နေရပ်စွန့်ခွာသူများအား နှစ်နိုင်ငံသဘောတူညီချက်များအရ ပြန်လည်လက်ခံရေးကို စတင်ရန်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လက်ခံရန် အဆင်သင့်ဖြစ်နေသည့်အလျောက် ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ဆောလျင်စွာ စတင်ရန် ထပ်တလဲလဲပြောကြားခဲ့ကြောင်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဆိုသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့လာသည့် ပုံစံများမှာ နှစ်နိုင်ငံသဘောတူထားသည့် အစီအမံပါပုံစံများမဟုတ်ဘဲ စိစစ်မှုများ ပြုလုပ်နိုင်ရန် လိုအပ်သည့် လက်မှတ်၊ လက်ဗွေရာများနှင့် ဓာတ်ပုံများ ပါဝင်လာခြင်း မရှိကြောင်း၊ နေရပ်စွန့်ခွာသူများ ဆန္ဒအလျောက် လုံခြုံစွာနှင့် ဂုဏ်သိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် မှန်ကန်စွာ ဖြည့်စွက်ထားသည့် ပုံစံများကို သံတမန်လမ်းကြောင်းမှ ပြန်လည်ပေးပို့ပေးပါရန် ဘင်္ဂလားဒေ့ရှ်ဘက်သို့ သုံးကြိမ်တိုင်တိုင် မေတ္တာရပ်ခံခဲ့ကြောင်း ဦးဟောက်ဒိုဆွမ်းက ရှင်းလင်းပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်အနေဖြင့် အခြေအနေမှန်ကို ဖုံးကွယ်ကာ မြန်မာနိုင်ငံအနေဖြင့် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရန် ဆန္ဒမရှိကြောင်းဖြင့် တစ်ကမ္ဘာလုံးသို့ ပြောကြားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံအား နိုင်ငံတကာမှ ပြစ်တင်ရှုတ်ချစေရန်နှင့် နိုင်ငံရေးအရ ဖိအားပေးမှုများ မြင့်မားလာစေရန်အတွက် ဘင်္ဂလားဒေ့ရှ်အနေဖြင့် မဟုတ်မမှန် ပြောကြားကာ မြန်မာအစိုးရနှင့် ပြည်သူများအား ပုတ်ခတ်ဝေဖန်လျက်ရှိကြောင်း၊ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်စေရေးအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စစ်မှန်သည့် ပူးပေါင်းဆောင်ရွက်မှုများ လိုအပ်ကြောင်းလည်း ဦးဟောက်ဒိုဆွမ်းက ရှင်းလင်းပြောကြားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါအစည်းအဝေးကို လက်ရှိအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ပိုလန်နိုင်ငံက ဦးဆောင်ကျင်းပပြီး ခရီးစဉ်များ ဦးဆောင်စီစဉ်သည့် ကူဝိတ်၊ ပီရူးနှင့် ယူကေတို့က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ ခရီးစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ ထို့နောက် တက်ရောက်သည့် လုံခြုံရေးကောင် စီဝင်နိုင်ငံများ ဖြစ်ကြသော တရုတ်၊ အမေရိကန်၊ ဆွီဒင်၊ ပြင်သစ်၊ ကာဇက်စတန်၊ အီကွေတိုရီးယားဂီနီ၊ ရုရှား၊နယ်သာလန်၊ ပိုလန်နိုင်ငံ တို့က ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

“ARSA သာ ဒီတိုက်ခိုက်မှုတွေ မလုပ်ဘူး။ ဒီပြဿနာတွေသာ မဖန်တီးဘူးဆိုရင် အခုချိန်မှာ ရခိုင်ပြည်နယ်အခြေအနေဟာ တော်တော်လေး တိုးတက်နေပြီ။ အဲဒီအခြေအနေနဲ့ ဆက်စပ်ပြီးတော့လည်း ကျွန်တော်တို့ ပြည်တွင်းမှာပေါ့ တခြားကိစ္စရပ်တွေမှာလည်း တိုးတက်မှုတွေ အများကြီးဖြစ်နေပြီ။ နိုင်ငံတကာနဲ့ဆက်ဆံတဲ့ အနေအထားပေါ့နော်။ နောက်ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုပေါ့နော်။ အစစအရာရာက ဒီဖြစ်စဉ်တွေနဲ့ အများကြီးကွာနေမယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဒီပြဿနာတွေစပြီး ဖန်တီးခဲ့တာက တကယ့်ဇာစ်မြစ်က အစွန်းရောက်အကြမ်းဖက် ARSA ဆိုတဲ့အဖွဲ့အစည်းနဲ့ သူ့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် ဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း ပြောချင်တယ်” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

မြန်မာအစိုးရသည် ARSA အဖွဲ့အစည်းအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားသည်။

Most Read

Most Recent