ထိုင်း-မြန်မာနယ်စပ် မြဝတီချစ်ကြည်ရေးတံတားတွင် ကျပ်သိန်း ၂၂၀၀ ကျော်တန်ဖိုးရှိ အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေများ ဖမ်းဆီးရမိ

ထိုင်း-မြန်မာနယ်စပ် မြဝတီချစ်ကြည်ရေးတံတားတွင် ကျပ်သိန်း ၂၂၀၀ ကျော်တန်ဖိုးရှိ အမေရိကန်ဒေါ်လာ အပါအဝင် နိုင်ငံခြားငွေများ ဖမ်းဆီးရမိ
Published 17 May 2018

မြန်မာ- ထိုင်းနယ်စပ် မြဝတီချစ်ကြည် ရေးတံတားတွင် ထိုင်းနိုင်ငံဘက်သို့ထွက်ခွာမည့် မော်တော်ယာဉ်တစ်စီးပေါ်မှ ကျပ်သိန်း ၂၂၀၀ ကျော်တန်ဖိုးရှိ ဒေါ်လာအပါအဝင် နိုင်ငံခြားငွေများကို မေ ၁၆ ရက် နံနက် ၉ နာရီ ၃၀ ခန့်က  ဖမ်းဆီးရမိခဲ့ကြောင်း မြဝတီမြို့မရဲစခန်းမှ သတင်းရရှိသည်။

မြန်မာနိုင်ငံ မြဝတီဘက်မှ ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးဝါးများသယ်ဆောင်မည်ဆိုသော သတင်းရရှိသဖြင့် မြဝတီမြို့မရဲစခန်းမှူး၏ လမ်းညွှန်မှုဖြင့် တံတားလုံခြုံရေးတာဝန်ကျ ဒုရဲအုပ်ထွန်းလင်းကျော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးသောင်းဒန် ဦးစီးအဖွဲ့၊ မူးယစ်တပ်ဖွဲ့စုမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာလုံခြုံရေးပူးပေါင်းအဖွဲ့နှင့် သက်သေလူကြီးများသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ခွာမည့်ယာဉ်အမှတ် 9K/ ---VOXY အဖြူမော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ အင်ဂျင်စက်ခန်းအတွင်းမှ နိုင်ငံခြားငွေများ ရှာဖွေတွေရှိခဲ့ခြင်း ဖြစ်သည်။

မြဝတီမြို့ မရဲစခန်းမှူး ဒုတိယရဲမှူးမင်းကိုသည် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ “မော်တော်ယာဉ်စစ်ဆေးရှာဖွေရာတွင် သမားရိုးကျနောက်ခန်း၊ ရှေ့ခန်းအပြင် ကားအင်ဂျင်ခန်းကိုပါ ရှာဖွေစစ်ဆေးဖို့ လိုတယ်ဆိုတာ မက်ဆေ့ချ်တစ်ခု ရရှိခဲ့ပါတယ်။ ယာဉ်မောင်းတွေအနေနဲ့လည်း အမြဲတမ်းစီးနေကျမဟုတ်တဲ့ ခရီးသည်တွေနဲ့ပါလာတဲ့ပစ္စည်းတွေ မသင်္ကာဖွယ်တွေရှိရင် သက်ဆိုင်ရာတာဝန်ရှိသူတွေကို သတင်းပေးဖို့လိုအပ်ပါတယ်” ဟု မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှုူးမင်းကိုက ဆိုသည်။

သက်ဆိုင်ရာ ပူးပေါင်းရှာဖွေရေးအဖွဲ့သည် ယာဉ်မောင်းအောင်မျိုး (၄၀နှစ်)မောင်းနှင်လာသည့် အဆိုပါယာဉ် 9K/ ---VOXY အဖြူရောင်မော်တော်ယာဉ်အား စစ်ဆေးစဉ် အင်ဂျင်စက်ခန်းအတွင်းမှ သတင်းစာစက္ကူ ထုပ်ပြီး  ပလတ်စတစ်အကြည်ရောင်ဖြင့် ထည့်ထားသော မသင်္ကာဖွယ်ရာတွေ့ရှိသည့် အထုပ်နှစ်ထုပ်ကို ဖွင့်ဖောက်စစ်ဆေးရာ ဒေါ်လာ ၁၆၁၂၉၀၊ ဥရောပယူရိုငွေ ၄၃၅၀၊ ဂျပန်ငွေ ယန်း ၁၃၁၇၀၀၀ စုစုပေါင်း ကာလတန်ဖိုး မြန်မာကျပ်ငွေသိန်း ၂၂၀၀ ကျော်တန်ဖိုးရှိ နိုင်ငံခြားငွေများ ရှာဖွေတွေရှိခဲ့ခြင်း ဖြစ်သည်။  မြဝတီချစ်ကြည်ရေးတံတား လုံခြုံရေးတာဝန်ကျ ဒုရဲအုပ်ထွန်းလင်းကျော်က တရားလိုပြုလုပ်တိုင်တန်းသဖြင့် တရားမဝင်နိုင်ငံခြားငွေများအား တစ်ဖက်နိုင်ငံသို့ သယ်ဆောင်သူ  အောင်မျိုး(၄၀နှစ်) အန်ကြီးရပ်ကွက်၊ ဒလမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူအား မြဝတီမြို့မရဲစခန်းမှ (ပ) ၃၇၇/ ၂၀၁၈၊ ၂၀၁၂ ခုနှစ် နိုင်ငံခြားငွေစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ-၄၂ ဖြင့် အမှုဖွင့်တရားစွဲဆိုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent