အောင်လံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း လက်ကမ်းစာစောင်ဝေခြင်းနှင့် ဟောပြောပွဲများ ပြုလုပ်

အောင်လံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း လက်ကမ်းစာစောင်ဝေခြင်းနှင့် ဟောပြောပွဲများ ပြုလုပ်
Published 17 May 2018

အောင်လံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး လက်ကမ်းစာစောင်ဝေနေစဉ်

အောင်လံမြို့နယ်တွင် သွေးလွန်တုပ် ကွေးရောဂါနှင့်ပတ်သက်ပြီး ပြည်သူများပိုမို သိလာပြီး ပြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် မြို့ပေါ်ရှိ လူစည်ကားရာနေရာများတွင် သွေးလွန်တုပ်ကွေးရောဂါအကြောင်း လက်ကမ်းစာစောင်ဝေခြင်း ဟောပြောပွဲလုပ်ခြင်းများကို မေ ၁၆ ရက် နံနက်ပိုင်းကပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါကြောင့် သေဆုံးသူလေးဦးအထိ ရှိခဲ့သည့် အောင်လံမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ပတ်သက်ပြီး ပြည်သူများ ပိုမိုသိလာပြီး ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ရောဂါအကြောင်း လမ်းကမ်းစာစောင်များ ဝေငှခြင်းစတစ်ကာများ ဝေငှခြင်း ဟောပြောမှုများပြုလုပ်ခြင်းများကို မြို့ပေါ်လူစည်ကားသုံးနေရာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

“အောင်လံမှာ သွေးလွန်တုပ်ကွေး အန္တရာယ်ကင်းဝေးဖို့အတွက် လူထုလှုပ်ရှားမှုအသွင်နဲ့ လုပ်တာပါ။ ကျွန်တော်တို့ ဆောင်ပုဒ်ကတော့ သွေးလွန်တုပ်ကွေးနှိမ်နင်းဖို့ မိသားစုတိုင်းပါဝင်စို့ဆိုပြီးတော့ ဖြစ်ပါတယ်။ ကျန်းမာရေးဌာနကဦးဆောင်ပြီး ဌာနဆိုင်ရာတွေနဲ့ ပရဟိတသမားတွေပူးပေါင်းပြီး လုပ်တာပေါ့။ လက်ကမ်းစာစောင် ဝေတာပါတယ်။ အသိပညာပေးတာပါတယ်။ စတစ်ကာကပ်တာပါပါတယ်။ တစ်ပြိုင်နက်ထဲမှာပဲ ရပ်ကွက်တွေထဲမှာ ဆေးခတ်တာရယ် ခြင်ဆေးမှုတ်တာတွေလဲ လုပ်နေပါတယ်။ ခြင်ဆေးမှုတ်တာတော့ ဆေးရုံမှာရှိနေတဲ့ သွေးလွန်တုပ်ကွေးဖြစ်တဲ့ လူနာတွေအိမ်တွေကိုပါ။ မြို့မှာ ဒီလိုလုပ်နေသလိုကျေးရွာတွေမှာလည်း လုပ်နေပါတယ်” ဟု အောင်လံမြို့နယ် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးလွင်က ပြောကြားသည်။

လက်ရှိအောင်လံမြို့နယ်နှင့် ဆင်ပေါင်ဝဲမြို့နယ်များတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသူများရှိနေပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် အောင်လံမြို့နယ်၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၁၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူလေးဦးအထိရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent