<

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်းတွင် တံတားနှစ်စင်းနှင့် မိုင်းရှင်းရထား မိုင်းခွဲခံရ

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မန္တလေး မီးရထားလမ်းပိုင်းတွင် မေ ၁၅ ရက် ည ၁၁ နာရီကျော်ခန့်က တံတားနှစ်စင်းနှင့် မိုင်းရှင်းရထားတို့ မိုင်းခွဲခံရကြောင်း သတင်းရရှိသည်။ မြစ်ကြီးနားဘူတာမှ ည ၉ နာရီ ၂၀ မိနစ်တွင် အစုံတိုက်ကင်းရထားသည် နမ္မတီးမြို့နှင့် မရမ်းကြားရှိ မိုင်တိုင်အမှတ် ၆၉၅/၂၄ ကြား၊ ၆၉၆/၂၃ ကြားရှိ တံတားအမှတ် ၆၈၁ အရောက် ည ၁၁ နာရီ ၂၅ မိနစ်တွင် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၄၅ ဒီဂရီ တိမ်းစောင်းကာ ဘီးပြုတ်ကျခြင်း၊ လမ်းပိုင်းချော်ကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။

ထိုးပူးနှင့် မိုးကောင်းမြို့ကြားရှိ မိုင်တိုင်အမှတ် ၆၈၂/၁ နှင့် ၆၈၂/၂ ကြားရှိ တံတားအမှတ် ၆၆၂ တွင် မေလ ၁၅ ရက် ည ၁၁ နာရီ ၂၅ မိနစ်ခန့်က မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ၁၀ ပေအရှည်ရှိ တံတားတစ်ခုမှ မီးရထားလမ်းနှင့် တံတားဘောင်များ တွန့်လိမ် ပျက်စီးခဲ့သည်။ ရထားလမ်းများ ပျက်စီးမှုကြောင့် အဆန်မီးရထား သုံးစင်းမှာ လမ်းပိုင်းဘူတာများတွင် ပိတ်မိနေပြီး မြစ်ကြီးနားမှ မန္တလေးဘက်သို့ ထွက်ခွာမည့် ခရီးသည်များအတွက် မိုးကောင်း၊ မိုးညှင်း လော်ကယ်ရထား အပါအဝင် လူစီးရထား ၇ စီးကိုလည်း ခရီးစဉ်များ ဖျက်သိမ်းကာ ရောင်းချပေးထားသည့် ရထားလက်မှတ်များကိုလည်း ငွေပြန်အမ်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားဘူတာရုံ ရုံပိုင်ချုပ် ဦးခင်သော်က ” ရထားလမ်းပိုင်းမှာက မနေ့ ည ၁၁ နာရီ မိနစ် ၂၀ ဝန်ကျင်းမှာ တစ်ပြိုက်နက်နီးပါး မိုင်းခွဲခံရတာ ဖြစ်ပါတယ်။ နမ္မတီးနှင့် မရမ်းကြား တံတားအမှတ် ၆၈၁ မှာက မြစ်ကြီးနားကထွက်တဲ့ မိုင်းရှင်းရထား မိုင်းခွဲခံရတယ်။ ရထားက ၄၅ ဒီဂရီ စောင်းတယ်။ ဘီးတွေ ပြုတ်တယ်။ လမ်းချော်တယ်။ ။မိုကောင်း-ထိုပူးကြား တံတားအမှတ် ၆၆၂ ပါ။ ပြင်ဆင်ဖို့ မြစ်ကြီးနားကနေ မနက်ပိုင်းက ထွက်သွားပါပြီ။ ခရီးစဉ်အားလုံးကို ဖျက်သိမ်းပေးဖို့ ညွှန်ကြားလာတာနဲ့ အခုခရီးစဉ်အားလုံး ဖျက်သိမ်းလိုက်ပါပြီ။ ရောင်းပြီးလက်မှတ်လည်း ငွေပြန်အမ်းနေပါပြီ။ မန္တလေးက တက်လာတဲ့ လူစီးရထား နှစ်စီးက ဟိုပင်ဘူတာမှာ၊ တစ်စီးက မိုးညှင်းဘူတာမှာ ပိတ်မိနေတယ်။ ခရီးသည်အားလုံးကို ကားနဲ့ လိုတဲ့ခရီးရောက်အောင် ပို့ဆောင်ပေးဖို့ စီစဉ်နေကြပါတယ်။ ဘယ်အချိန် ပြီးစီးနိုင်မလဲ ဆိုတာတော့ ပြင်ဆင်ရေးဘက်က မဟုတ်တော့ မသိပါဘူး။ မန္တလေးဘက်က ပြင်ဆင်ရေး ကရိန်းတွေလည်း တက်လာနေပြီလို့ သိရတယ်” ဟု ပြောကြားသည်။

ယခုပေါက်ကွဲဖြစ်စဉ်များနှင့် ပတ်သက်၍ အစိုးရဌာနများ၏ သတင်းဖြစ်စဉ်များတွင် ကေအိုင်အေ အကြမ်းဖက် သောင်းကျန်သူများက လက်လုပ်မိုင်းကို ပလပ်စတစ်ပုံးအတွင်း ထည့်ကာ ရီမုကွန်ထရိုးဖြင့် ဖောက်ခွဲခဲ့ကြောင်း ဖော်ပြထားသည်။

မြစ်ကြီးနားဘူတာတွင် နေ့စဉ် မီးရထားခရီး အသုံးပြုသူ လူ ၁၅၀၀ ကျော်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် မီးရထားလမ်း တိုက်ခိုက်မှုများ ၂၀၁၁ ခုနှစ်မှ စတင်ကာ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နောက်ပိုင်း တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့ ပစ်ခတ်မှုများ ပြန်လည် ဖြစ်ပွားလာခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ၆ နှစ်ကျော် ကာလအတွင်း မိုင်းပေါက်ကွဲမှု အကြိမ်ပေါင်း ၄၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး အရပ်သား ဒဏ်ရာရသူ ၅၀၆ ဦးအနက် သေဆုံးသူပေါင်း ၁၂၀ ဦး ရှိနေကြောင်း ပြည်နယ်ရဲစခန်းမှတ်တမ်းများ၊ သတင်းဌာန မှတ်တမ်းများအရ သိရသည်။

May 16, 2018














Copy Protected by Chetan's WP-Copyprotect.