အနျူမြူလက်နက် ဖျက်သိမ်းရန် တစ်ဖက်သက် ဖိအားပေးမှုကြောင့် အမေရိကန်နှင့် ပြုလုပ်ရန်ရှိသည့် ထိပ်သီးအစည်းအဝေးကို ပယ်ဖျက်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

အနျူမြူလက်နက် ဖျက်သိမ်းရန် တစ်ဖက်သက် ဖိအားပေးမှုကြောင့် အမေရိကန်နှင့် ပြုလုပ်ရန်ရှိသည့် ထိပ်သီးအစည်းအဝေးကို ပယ်ဖျက်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်
Published 16 May 2018

Photo: AFP

အမေရိကန်က မြောက်ကိုရီးယားကို အနျူမြူလက်နက် စွန့်လွှတ်ရန် တစ်ဘက်သတ် ဖိအားပေး တောင်းဆိုနေမည်ဆိုပါက ခေါင်းဆောင်ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတ ဒေါနယ်ထရန့်တို့မကြာခင်တွေ့ဆုံမည့် ထိပ်သီးအစည်းအဝေးကို ပယ်ဖျက်ရန် မေ ၁၆ ရက်တွင် မြောက်ကိုရီးယားနိုင်ငံက ခြိမ်းခြောက်ခဲ့သည်။

“ထရန့်အစိုးရက ကျွန်တော်တို့ကို ချောင်ပိတ်အောင်လုပ်ပြီး အနျူမြူလက်နက်တွေကို ကျွန်တော်တို့ စွန့်လွှတ်အောင် တစ်ဘက်သတ် လုပ်ဆောင်မယ်ဆိုရင်တော့ ဆွေးနွေးမှုတွေကို ကျွန်တော်တို့က စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။ မကြာခင် ပြုလုပ်ဖို့ရှိတဲ့ မြောက်ကိုရီးယား-အမေရိကန် ထိပ်သီးအစည်းအဝေးကိုလည်း ကျွန်တော်တို့ဘက်က လက်ခံ၊ မခံဆိုတာ ကျွန်တော်တို့ပြန်လည် စဉ်းစားရတော့မှာ ဖြစ်ပါတယ်”ဟု အစိုးရသတင်းဌာနက ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် မြောက်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကျင်ခိုင်းဂွမ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ပြည့်စုံမှုရှိပြီး ခိုင်မာ၍ နောက်ကြောင်း ပြန်မလှည့်နိုင်သော အနျူမြူလက်နက် ဖျက်သိမ်းမှုပြုလုပ်ရေးအတွက် ဝါရှင်တန်က ဖိအားပေးလျက် ရှိသည်။ သို့ရာတွင် မြောက်ကိုရီးယားသည် အလျော့ပေးမည့် ကိစ္စနှင့်ပက်သက်၍ လက်ရှိအချိန်ထိ အများသိအောင် ချပြခြင်းမပြုသေးပေ။ လွန်ခဲ့သောလက တောင်ကိုရီးယားသမ္မတ မွန်ဂျေအွန်းနှင့် ပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် ကင်ဂျုံအန်းက ကိုရီးယားကျွန်းဆွယ်တွင် အနျူမြူလက်နက် ဖျက်သိမ်းရေးကို မိမိအနေဖြင့် ခိုင်ခိုင်မာမာ လုပ်ဆောင်သွားမည်ဟု ထပ်လောင်း အတည်ပြုခဲ့သည်။ သို့ရာတွင် အဆိုပါစကားစုသည် နှစ်ဘက်စလုံးက အနက်အဓိပ္ပာယ်ဖွင့်ဆိုရန်ရှိနေသည့် သံတမန်စကားအလှ ဖြစ်သည်။ “အနျူမြူလက်နက် ကင်းစင်တဲ့ ကိုရီးယားကျွန်းဆွယ် ဖြစ်ရေးအတွက် ကျွန်တော်တို့ဘက်က ဆန္ဒရှိတယ်ဆိုတာကို ကျွန်တော်တို့ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန်အနေနဲ့လည်း မဖြစ်မနေ လိုအပ်ချက်တွေအဖြစ် မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့ သဘောထားတွေနဲ့အနျူမြူခြိမ်းခြောက်မှုတွေကို ရပ်ပစ်ရမယ်လို့ကျွန်တော်တို့အကြိမ်ကြိမ် ကြေညာခဲ့ပါတယ်”ဟု ဝန်ကြီးကျင်ခိုင်းဂွမ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားရန်မှ အကာအကွယ်ပေးရန် တောင်ကိုရီးယားတွင် စခန်းချထားသော အမေရိကန်တပ်ဖွဲ့ဝင်များ ဆုတ်ခွာရေးနှင့် အမေရိကန်က တောင်ကိုရီးယားလုံခြုံရေးကို အနျူမြူထီး မိုးပေးထားခြင်း အဆုံးသတ်ရန် မြောက်ကိုရီးယားနိုင်ငံက ယခင်က တောင်းဆိုခဲ့သည်။

မြောက်ကိုရီးယား အနျူမြူလက်နက် ဖျက်သိမ်းရေးကို လစ်ဗျားပုံစံဟု ပြောကြားခဲ့သည့် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျွန်ဘောလ်တန်ကိုလည်း ကျင်ခိုင်းဂွမ်က ဝေဖန်ခဲ့သည်။ မြောက်ကိုရီးယားအပေါ် လစ်ဗျားနှင့်အီရတ်တို့၏ ကံကြမ္မာအတိုင်း အတင်းအကြပ်လုပ်ခြင်းမှာ အလွန်အတိတ်နိမိတ်မကောင်းသော ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည်ဟု ကျင်က ပြောကြာခဲ့သည်။

Most Read

Most Recent