တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံ/ နယ်ဝန်ကြီးတို့နှင့် ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများ မဟုတ်မှန်ဟုဆို

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံ/ နယ်ဝန်ကြီးတို့နှင့် ပတ်သက်၍ ထွက်ပေါ်နေသော သတင်းများ မဟုတ်မှန်ဟုဆို
Published 16 May 2018

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်နှင့် လုံ/ နယ် ဝန်ကြီးဗိုလ်မှူးကြီး ကျော်ဇေယျတို့ ဖမ်းဆီးခံရခြင်းနှင့်ရာထူးမှ အနားပေးခံရကြောင်း သတင်းများထွက်ပေါ်နေမှုမှာ မဟုတ်မှန်ဘဲ ကောလာဟလများသာဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။

မေ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာများပေါ်၌ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့(စစစ) မှ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်အား မေ ၁၄ ရက် ညပိုင်းတွင် နေပြည်တော်သို့ လာရောက်ခေါ်ဆောင်သွားကြောင်း လူမှုကွန်ရက်ဖေ့ဘုတ်စာမျက်နှာများပေါ်၌ သတင်းများပျံ့နှံ့ခဲ့သည့်အပြင် အစိုးရအဖွဲ့ရုံးသို့ တက်ရောက်ခြင်းမရှိတော့ကြောင်းနှင့်  ပြည်ထောင်စုဝန်ကြီးနှင့်ဝန်ကြီးချုပ်အချို့  အပြောင်းအလဲပြုလုပ်ရာ၌ ဒေါက်တာလဲ့လဲ့မော်ပါဝင်နေကြောင်း သတင်းများကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး ပြည်သူများအကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့သည်ဟု သိရသည်။

အဆိုပါ ထွက်ပေါ်ခဲ့သောသတင်းများမှာ ကောလာဟလသာဖြစ်ပြီး ဝန်ကြီးချုပ်ဒေါက်တာ လဲ့လဲ့မော်အနေဖြင့် နေပြည်တော်ရှိ အစည်းအဝေးနှစ်ခုသို့တက်ရောက်ရန် မေ ၁၄ ရက် နံနက်ပိုင်းက ထားဝယ်မြို့မှစတင်၍    မော်တော်ယာဉ်ဖြင့်ထွက်ခွာသွားခြင်းဖြစ်ကာ လက်ရှိတွင် နေပြည်တော်ရှိ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရိပ်သာတွင်ရှိနေကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး  ဦးကောင်းစံဦးက ပြောကြားသည်။

Most Read

Most Recent