မြန်မာနိုင်ငံရှိ ကြိုးတံတား ၂၉ စင်းကို စစ်ဆေးလျက်ရှိပြီး တံတားနှစ်စင်းမှာ အဆိုးဆုံး ဖြစ်နေသည်ဟု တရုတ်ပညာရှင်များ ထောက်ပြထားကြောင်း ဒုတိယဝန်ကြီး ပြောကြား

မြန်မာနိုင်ငံရှိ ကြိုးတံတား ၂၉ စင်းကို စစ်ဆေးလျက်ရှိပြီး တံတားနှစ်စင်းမှာ အဆိုးဆုံး ဖြစ်နေသည်ဟု တရုတ်ပညာရှင်များ ထောက်ပြထားကြောင်း ဒုတိယဝန်ကြီး ပြောကြား
Published 16 May 2018

မြန်မာနိုင်ငံရှိ ကြိုးတံတား ၂၉ စင်းကို စစ်ဆေးလျက်ရှိပြီး တံတားနှစ်စင်းမှာ အဆိုးဆုံး ဖြစ်နေသည်ဟု တရုတ်ပညာရှင်များက ထောက်ပြထားကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

မေ ၁၅ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ဒုတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ရှင်းလင်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်းထောက်တစ်ဦးက “မြောင်းမြကြိုးတံတားနဲ့ ပတ်သက်ပြီး ပြတ်မကျခင်မှာ တံတားခံနိုင်ရည် စစ်ဆေးရေးအဖွဲ့က စစ်ဆေးသွားတယ်လို့ သိရပါတယ်။ စစ်ဆေးပြီး သိပ်မကြာခင်မှာပဲ တံတားက ပြတ်ကျခဲ့တယ်ဆိုတော့ အဲဒီအဖွဲ့ကို အရေးယူ ဆောင်ရွက်တာတွေရှိလား။ နောက်ပြီးတော့ ကြိုးတံတားတွေရဲ့ အရည်အသွေးကို စစ်နေတယ်ဆိုတော့ ရလဒ်တွေထွက်ပြီလား။ ဥပမာ-ပုသိမ်ကြိုးတံတားဆိုရင် ၂၀၁၆ ခုနှစ်လောက်ကတည်းက တစ်ဖက်နိမ့်သွားတာတွေ ရှိတယ်ဆိုတော့ ကြိုးတံတားတွေရဲ့ အခြေအနေ ဘယ်လိုရှိလဲ ဖြေကြားပေးပါ” ဟု မေးမြန်းသည်။

အဆိုပါမေးမြန်းမှုကို ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက “ကြိုးတံတား ၂၉ စင်းလုံးရဲ့ အခြေအနေကို ပြောရမယ် ဆိုရင်တော့ ၂၉ စင်းလုံးကို စစ်ဆေးနေပါတယ်။ အဲဒီ ၂၉ စင်းထဲက အဆိုးဆုံး တံတားနှစ်စင်းကို တရုတ်က ထောက်ပြပါတယ်။ မကွေးတိုင်းအတွင်းမှာရှိတဲ့ မယ်ဇလီတံတားရဲ့ အဆင့်ဟာ တရုတ်နိုင်ငံအနေနဲ့ဆိုရင် Grade 5 ဖြစ်နေပါတယ်။ ဇာသပြင်တံတားကလည်း Grade 5 ဖြစ်နေတဲ့အတွက် ဆိုးရွားနေတဲ့ အတွက် ဒါကို အန္တရာယ်ရှိတယ် ဆိုတာကို ကြေညာပြီးတော့ ခရီးသည်တင် ဘတ်စ်ကားတွေဆိုရင် သတ်သတ်မောင်းခိုင်းလိုက်ပါ။ လူတွေဆင်းလျှောက်ကြပြီး ဟိုဘက်ရောက်မှတက်ပါ။ ကုန်တင်ယာဉ်တွေ ဆိုရင်လည်း ဝန်ကိုလျှော့ချလိုက်ပါ ဆိုပြီးတော့ ကုန်တင်ယာဉ်တွေဆိုရင် ၁၃ တန်အောက် အထိ လျှော့ချလိုက်ပါတယ်။ ခရီးသည်တင် ဘတ်စ်ကားတွေဆိုရင် ခရီးသည်ကို ဟိုဘက်ကမ်းရောက်မှ တက်ခိုင်းပါတယ်။ ကားကို သတ်သတ်မောင်းခိုင်းပါတယ်။ အဲဒီတံတား နှစ်စင်းကိုလည်း အမြန်ဆုံး ပြန်လည်အစားထိုးဖို့ စီစဉ်ထားပါတယ်။ ကျန်တဲ့တံတားတွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်စရာ အခြေအနေကို ဇူလိုင် ၃၁ ရက်မှာ နောက်ဆုံးတင်ပြမယ်လို့ ပြောပါတယ်။ လာမယ့် ဇူလိုင် ၃၁ ရက်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံက ကြိုးတံတား ၂၉ စင်းရဲ့ အခြေအနေ ဘယ်လိုရှိတယ်ဆိုတာ ထုတ်ပြန်ကြေညာ သွားပါမယ်” ဟု ဆိုသည်။

လက်ရှိအချိန်တွင် ကြိုးတံတား ၂၉ စင်းအား တရုတ်နိုင်ငံမှ ပညာရှင်များဖြင့် စစ်ဆေးလျက်ရှိကြောင်း၊ စစ်ဆေးမှုများပြီးစီးပါက ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ တံတား ၂၉ စင်း၏ အခြေအနေများကိုလည်း ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“အခုလက်ရှိမှာ ကြိုးတံတားက တစ်နိုင်ငံလုံးမှာ ၂၉ စင်းရှိပါတယ်။ အဲဒီ ၂၉ စင်းရဲ့ ကြံ့ခိုင်ရေးတွေကို အစအဆုံး ပြန်လည်စစ်ဆေးနေပါတယ်။ စိစစ်တဲ့နေရာမှာ ကျွန်တော်တို့ရဲ့ မူလစစ်နိုင်တဲ့ အနေအထားက ဘာပဲရှိလဲဆိုတော့ အပြင်မှာ မြင်နေရတဲ့ ကြိုး။ ဘေလီတွေ၊ စတီးသံပေါင်တွေ၊ အခင်းတွေ ဒါတွေကိုပဲ စစ်နိုင်တဲ့အတွက် ဒါနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ငါးနှစ်တာကာလ ကတည်းက စစ်နေခဲ့တာပါ။ တစ်နှစ်နှစ်ကြိမ် စစ်ဆေးရေး ဝင်ပါတယ်။ အပြစ်အနာအဆာတွေ တွေ့တာကိုလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ပြင်ဆင်ခဲ့တာတွေ ရှိတယ်” ဟု ဒုတိယဝန်ကြီးက ပြောကြားသည်။

 

Most Read

Most Recent