<

ရေအားလျှပ်စစ်မှ ဓာတ်အားထုတ်လုပ်နိုင်မှု မဂ္ဂါဝပ် လေးသောင်းခန့်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး မီးလင်းရန် ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပြောကြား

ကယားပြည်နယ် လောပိတ ရေအားလျှပ်စစ်စက်ရုံ တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ- မခိုင်)

ရေအားလျှပ်စစ်မှ ဓာတ်အားထုတ်လုပ်နိုင်မှုသည် မဂ္ဂါဝပ်လေးသောင်းခန့် အထိရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး မီးလင်းရန် ဆောင်ရွက်နေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားသည်။

မေ ၁၅ ရက်တွင် ပြန်ကြားရေး ၀န်ကြီးဌာန အစည်းအဝေးခန်းမတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ဒုတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ၂၀၃၀ တွင် တစ်နိုင်ငံလုံး မီးလင်းရေး လုပ်မယ်လို့ သိရပါတယ်။ ကျောက်မီးသွေးတို့၊ တချို့ရေအားလျှပ်စစ် ထုတ်လုပ်ရေးတွေမှာ ဆန္ဒပြကြတာတွေ ရှိသည့်အတွက် အဆိုပါ ရည်မှန်းချက် ပြည့်မီနိုင်ပါ့မလား” ဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

အဆိုပါ မေးမြန်းမှုကို အမြဲတမ်းအတွင်းဝန်က “၂၀၃၀ ရည်မှန်းချက်ကတော့ ကျွန်တော်တို့ရဲ့ ပြည်သူတော်တော်များများက ဆန့်ကျင်ကန့်ကွက်နေတော့ လောလောဆယ်မှာ ကျောက်မီးသွေးကို ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ရေအားလျှပ်စစ်ကတော့ လက်ရှိလုပ်နေတာက မဂ္ဂါဝပ် ၁၇၀၀ လောက် ရှိပါတယ်။ ရေအားလျှပ်စစ် ထုတ်လုပ်နိုင်မှုက မဂ္ဂါဝပ်လေးသောင်းလောက် ရှိပါတယ်။ ဘတ်ဂျက်အခက်အခဲ၊ နယ်မြေမငြိမ်းချမ်းမှု စသည်ဖြင့် ဒီလိုအခြေအနေတွေပေါ် မူတည်ပြီးတော့ မဆောင်ရွက်နိုင်သေးတာ ဖြစ်ပါတယ်။ ဒါတွေလည်း လုပ်ဖို့ရှိပါတယ်။ ကျောက်မီးသွေးကတော့ လက်ရှိမှာ တီကျစ်စက်ရုံကပဲ ထုတ်လုပ်ပါတယ်။ ပြည်သူတွေ ကျေနပ် နားလည်လာတဲ့ အချိန်မှာတော့ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်မယ့် စက်ရုံတည်ဖို့ ကြိုးစားမှာပါ။ သူတို့ရဲ့ အယူအဆက တစ်မျိုးဖြစ်နေတယ်။ ထိခိုက်တယ် ဆိုပြီးတော့ပေါ့။ သူတို့ယုံကြည်အောင် သက်သေပြပြီး ဆောင်ရွက်နေရတဲ့ အနေအထား ရှိပါတယ်။ ရေရှည်မှာတော့ ကျောက်မီးသွေးလည်း သုံးရမှာပါ။ ဘာလို့လဲဆိုတော့ ကမ္ဘာမှာလည်း လုပ်နေပါတယ်။ လောလောဆယ်မှာတော့ ပြည်သူ့အစိုးရ ဖြစ်တဲ့အတွက် ကျောက်မီးသွေးကို လောလောဆယ် မဆောင်ရွက်သေးပါဘူး။ လက်ရှိဓာတ်အား လိုအပ်ချက်ကို ဘာနဲ့ ဖြည့်ဆည်းနေလဲဆိုတော့ Gas တွေက ၂၀၂၀-၂၀၂၁ မှာဆိုရင် လက်ရှိထုတ်လုပ်နေတဲ့ Gas တွေက ကျလာမှာ ဖြစ်တဲ့အတွက် LNG တင်သွင်းပြီးတော့ ဓာတ်အားထုတ်လုပ်ဖို့ ဆိုပြီးတော့ မဂ္ဂါဝပ် ၃၀၀၀ ဖြည့်ဆည်းဖို့ ကြိုးစားနေပါတယ်။ စီမံချက်တွေအတိုင်း လေအား၊ ရေအား၊ ပြည်လည်ပြည့်ဖြိုးမြဲစွမ်းအင် စသည်ဖြင့် ပေါင်းစပ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

သတင်းထောက် တစ်ဦးကလည်း “လေတိုက်မိုးရွာပြီဆိုရင် မီးပျက်တဲ့အလေ့အထ ဖြစ်နေတယ်ပေါ့။ နွေရာသီ ရောက်လာတော့လည်း ဓာတ်အားသုံးစွဲမှု များလာတော့ မီးပျက်တာတွေ ရှိနေတော့ မီးမပျက်အောင် ဘယ်လိုစီမံထားပါသလဲ။ စက်မှုဇုန်တွေကိုရော မီးဘယ်လိုပေးဖို့ စီမံထားပါသလဲ။ မီးမရရှိသေးတဲ့ ကျေးလက်ဒေသတွေ၊ တိုင်းရင်းသားဒေသတွေကို ဘယ်အချိန်လောက်မှာ  မီးလင်းဖို့ ရှိမလဲ” မေးမြန်းမှုကို အမြဲတမ်း အတွင်းဝန်က “လေတိုက်မိုးရွာတိုင်း မီးပျက်တယ်ဆိုတာ မှန်ပါတယ်။ အခုဆိုရင် ကြိုတင်ပြီးတော့ သစ်ပင်သစ်ကိုင်း ခုတ်ထွင်ရှင်းလင်းတာမျိုး၊ အရင်တုန်းက လျှပ်စစ်ကြိုးတွေက Insulation မပါဘူး။ အဲဒီအတွက် ရန်ကုန်၊ မန္တလေးစတဲ့ မြို့တွေမှာ လဲလှယ်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ အဲဒီလို လဲလှယ်ပြီးရင်တော့ လေတိုက်၊ မိုးရွာလို့ဖြစ်တဲ့ ဓာတ်အားပြတ်တောက်မှုတွေက အများကြီး သက်သာသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လကုန်လောက်မှာ လေတိုက်လို့ မီးတိုင်ပေါင်း ၃၀ လောက် လဲပါတယ်။ ပြန်လည် ပြုပြင်ခြင်းတွေ ဆောင်ရွက်လို့ နှစ်ရက်အတွင်းမှာ ပြီးစီးခဲ့ပါတယ်။ လျှပ်စစ်နဲ့ ပတ်သက်တာတွေကို ကြိုတင်စီမံ ဆောင်ရွက်နေပါတယ်။ နောက်ပိုင်းဆိုရင် မီးမပျက်အောင် ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်။ ၂၀၂၁-၂၀၂၂ မှာ မဂ္ဂါဝပ် ၃၀၀၀ ရဖို့အတွက် ကျွန်တော်တို့ရဲ့ တာဝန်ပါ။ ဒါကို ရဖို့အတွက် ဆောင်ရွက်နေပါတယ်။ အချို့နေရာတွေမှာ သုံးစွဲမှုနဲ့ ထုတ်ပေးနိုင်မှု မမျှတာတွေ ရှိနေပါတယ်။ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာ ရအောင် ကြိုးစားနေပါတယ်။ အရင်က Supply က Demand နောက်ကို လိုက်နေရပါတယ်။ နောက်ပိုင်းဆိုရင်တော့ ကျွန်တော်တို့က လိုအပ်တဲ့ဟာကို ဖြည့်စွမ်းနိုင်မှာပါ။ ၀န်ကြီးဌာနရဲ့ မူက မည်သူမဆို ထရန်စဖော်မာ လျှောက်ရင် ခွင့်ပြုပေးနေပါတယ်။ အခုကတော့ ရသလောက် မောင်းနှင်ထုတ်လုပ်ပေးလျက် ရှိပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

ထို့ပြင် လျှပ်စစ်မီးမရသေးသည့် ကျေးလက်ဒေသများ လျှပ်စစ်မီးရရှိရန်အတွက် ကမ္ဘာ့ဘဏ် အကူအညီဖြင့် ကျေးရွာပေါင်း ခြောက်သောင်းကျော် ရှိသည့်အနက် ကျေးရွာပေါင်း ၃၀၀၀၀ ခန့် မီးရအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ရာခိုင်နှုန်း ၄၀ လောက်သာ လျှပ်စစ်မီးရရှိပြီး ကျေးရွာ ရာခိုင်နှုန်း ၆၀ ခန့် မီးမရသေးကြောင်း၊ အဆိုပါကျေးရွာများ လျှပ်စစ်မီး ရရှိရန်အတွက် ဆောင်ရွက်နေကြောင်း၊ ကမ္ဘာ့ဘဏ် အကူအညီနှင့် ရွာပေါင်းငါးထောင်ကျော်ကို မီးပေးနိုင်ရန် ပစ္စည်းများ ရောက်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် ယခုတစ်နှစ်၊ နှစ်နှစ်အတွင်း ရွာပေါင်း ၅၀၈၀ လည်း မီးလင်းမည်ဖြစ်ကြောင်း၊၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံလုံး မီးရရှိရေး ဦးတည်ဆောင်ရွက် လျက်ရှိကြောင်း၊ နိုင်ငံတော် ဘတ်ဂျက်ဖြင့် ရွာများအကုန်လုံးကို မီးရအောင် လုပ်ပေးရန် အခက်အခဲရှိကြောင်း၊ ထို့အတွက် နိုင်ငံတကာ ချေးငွေအကူအညီ၊ ကမ္ဘာ့ဘဏ်၊ JICA၊ အေဒီဘီ အစရှိသည်တို့မှ ချေးငွေများဖြင့် တစ်နိုင်ငံလုံး မီးရရှိအောင် ဆောင်ရွက်လျက် ရှိကြောင်း အမြဲတမ်း အတွင်းဝန်က ပြောကြားသည်။

“လျှပ်စစ်အနေနဲ့တော့ ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ ရှိပါတယ်။ စီမံကိန်းတွေမှာဆိုရင် ပုဂ္ဂလိကနဲ့ ပူးပေါင်းပြီး လုပ်ဖို့လည်း တာစူနေပါတယ်။ ကျွန်တော်တို့ လုပ်ရတာမှာ အခက်အခဲတွေ ရှိပါတယ်။ အဲဒီအတွက် ပုဂ္ဂလိကနဲ့ ဘယ်လိုပုံစံနဲ့သွားမလဲ ဆိုတာကို အတိအကျ မဆွေးနွေး မဆုံးဖြတ်ရသေးပါဘူး။ သူတို့ရဲ့ Proposal ကို ကြည့်ပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားသည်။

 

May 15, 2018














Copy Protected by Chetan's WP-Copyprotect.