<

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား ထောက်ချောက်ဆင်ဖမ်းဆီးရန် ရဲမှူးချုပ် တင်ကိုကိုက အမိန့်တစ်စုံတစ်ရာပေးခဲ့ခြင်းမရှိဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ပြောကြား

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် ဒုတိယတစ်နှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲကို မေ ၁၅ ရက်က နေပြည်တော်၌ ပြုလုပ်စဉ်

ရိုက်တာသတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးအား ထောက်ချောက်ဆင်ဖမ်းဆီးရန် ရဲမှူးချုပ် တင်ကိုကိုက အမိန့်တစ်စုံ တစ်ရာပေးခဲ့ခြင်းမရှိဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် အောင်ဝင်းဦးက ပြောကြားသည်။

မေ ၁၅ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး ရှင်းလင်းစဉ်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဧရာဝတီသတင်းဌာနမှ သတင်းထောက်တစ်ဦးက “ဒုရဲမှူးမိုးရန်နိုင်ရဲ့ ထွက်ဆိုမှုမှာ ထောင်ချောက်ဆင် ဖမ်းဆီးတယ်ဆိုတဲ့စကား လုံးအပေါ်မှာ ရဲတပ်ဖွဲ့အနေနဲ့ လက်ခံပါသလား။ အဲဒါတွေနဲ့ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။ အဲဒီအမှုမှာ ရဲမှူးချုပ်တင် ကိုကိုကခိုင်းလို့ ထောက်ချောက်ဆင်ဖမ်းရတယ်လို့ ပါပါတယ်။ ရဲမှူးချုပ်တင်ကိုကို ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က အရေးယူထားပါသလား။ ဒါမှမဟုတ်သူဟာ သူရဲ့လုပ်ပိုင်ခွင့်နဲ့ ဥပဒေဘောင်အတွင်းကလုပ်ခဲ့တာ ဟုတ်ပါသလား သိချင်ပါတယ်” ဟု မေးမြန်းခဲ့သည်။

အဆိုပါမေးမြန်းမှုအား ရဲချုပ်အောင်ဝင်းဦးက “ဦးမိုးရန်နိုင်က ထောက်ချောက်ဆင် ဖမ်းဆီးခဲ့တယ်လို့ ထွက်ဆိုထားတာရှိပါတယ်။ အဲဒီလိုဖမ်းဆီးမှု မဆောင်ရွက်ပါဘူး။ မလုပ်ပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီဦးမိုးရန်နိုင် အပြောတစ်ခုပဲ သတင်းထောက်ကြီးတို့ သိထားတာရှိပါသေးတယ်။ တရားလိုပြသက်သေတွေ ကျန်ပါသေးတယ်။ တရားလိုပြသက်သေတွေရဲ့ တရားရုံးရှေ့ထွက်ဆိုချက်တွေကို နားထောင်ကြည့်ပါဦးလို့ မေတ္တာရပ်ခံပါရစေ။ အဲဒါကြောင့် လတ်တလော အခြေအနေမှာတော့ ရဲမှူးချုပ်တင်ကိုကို ကို  အရေးယူမှုဆောင်ရွက်ထားတာ မရှိပါဘူး။ သူကလည်း ဦးမိုးရန်နိုင်ပြောသလို ထောင်ချောက်ဆင်တဲ့ဇာတ်လမ်းကို အခြေအနေ ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ဒီရိုက်တာသတင်းထောက် ပုဂ္ဂိုလ်တွေကို ရဲမှူးချုပ်တင်ကိုကို တွေ့ဖူးခြင်းလည်း မရှိပါဘူး။ သူတို့ကို ဥပဒေနဲ့အညီ အမှုရင်ဆိုင်တော့မှပဲ သိတဲ့အခြေအနေ ဖြစ်ပါတယ်။ ရဲမှူးချုပ်တင်ကိုကိုက ဦးမိုးရန်နိုင်ကို ထောက်ချောက်ဆင်ဖမ်းဖို့ အမိန့်တစ်စုံတစ်ရာ ပေးခဲ့ခြင်းမရှိဘူးလို့ ပြောလိုပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

ထို့ပြင် သတင်းထောက်တစ်ဦးက ရိုက်တာသတင်းထောက်နှစ်ဦးကို ဘာလို့အရေးယူတာလဲ သိချင်ပါတယ်ဆိုသည့် မေးမြန်းချက်အား ရဲချုပ်အောင်ဝင်းဦးက “ရိုက်တာသတင်းထောက်နှစ်ယောက်ကို ဘာလို့ အရေးယူလဲဆိုတာမှာ ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦးတို့ဆီမှာ လုံခြုံရေးအဆင့်အတန်း သတ်မှတ်ထားတဲ့ အထောက်အထား တွေတွေ့တဲ့အတွက် ရဲတပ်ဖွဲ့က အရေးယူခြင်းပဲ ဖြစ်ပါတယ်။ သူတို့ကိုတော့ ရဲတပ်ဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်းအရတော့ ဒီသက်သေအထောက်အထားတွေ တွေ့တယ်။ ဒါတွေကို ကျွန်တော်တို့ အမှုတည်ဆောက်တယ်။ တည်ဆောက်ပြီးတဲ့အခါမှာ  ဘယ်လိုဥပဒေ၊ ဘယ်လိုအကြောင်းအရာတွေနဲ့ အရေးယူသင့်လဲဆိုတာ ဥပဒေအကြံပြုချက်တောင်းရပါတယ်။ ဒီအချက် ဒီအချက်တွေတော့ ငြိစွန်းတယ်။ ဒီကိစ္စတွေအတွက် ငြိစွန်းတဲ့အတွက် ဒီလိုအရေးယူသင့်ပါတယ်လို့ အကြံပြုချက်တွေရမှ တရားရုံးကို စွဲတင်ရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် ၂၀၁၈ ခုနှစ် ဇန်န၀ါရီ ၁၀ ရက်က  တရားရုံးကို စွဲတင်ခဲ့ပါတယ်။ တရားလိုဘက်က သက်သေ ၂၅ ဦး တင်ပြထားခဲ့ပါတယ်။ လက်ရှိမှာတော့ သက်သေ ၁၈ ဦးကို စစ်ဆေးထားပြီး ဖြစ်ပါတယ်။ သက်သေ ခုနစ်ဦးကို စစ်ဆေးဖို့ ကျန်နေသေးကြောင်း စစ်ဆေးသိရှိရပါတယ်။ သက်သေအားလုံးရဲ့ ထွက်ဆိုချက်ပြီးမှပဲ တရားရုံးက ဒီအမှုကို စွဲချက်တင်မယ်၊ မတင်ဘူး ဆုံးဖြတ်မှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ထို့ပြင် မေ ၁၂ ရက်က တာမွေမြို့နယ်၌ ကချင်ပြည်နယ်စစ်ပွဲများနှင့် ပတ်သက်၍ ဆန္ဒပြသူများ ဖမ်းဆီးခံရမှုအပေါ် ရဲချုပ်အောင်ဝင်းဦးက “တာမွေကိစ္စဖြစ်စဉ်မှာ အရပ်သားတွေကို အသုံးပြုခဲ့တဲ့ဖြစ်စဉ် မရှိဘူးလို့ပဲ ဖြေကြားပါရစေ။ ကချင်ပြည်နယ်က စစ်ပွဲတွေနဲ့ပတ်သက်ပြီး ဆန္ဒဖော်ထုတ်ရာမှာ ဥပဒေနဲ့အညီ တင်ပြထားခြင်း မရှိတဲ့အတွက် အရေးယူခဲ့ခြင်းဖြစ်ပါတယ်။ တာမွေဖြစ်စဉ်မှာတော့ အရပ်သားအင်အားကို သုံးစွဲခဲ့ခြင်း မရှိပါဘူး။ အသိပေးတင်ပြခြင်းမရှိဘဲ ဆန္ဒပြခြင်းကို ဥပဒေအရ ဖမ်းဆီးခြင်း အရေးယူခြင်းတွေကို ရဲစခန်းက ဆောင်ရွက်ပါတယ်” ဟု ပြောကြားသည်။

May 15, 2018














Copy Protected by Chetan's WP-Copyprotect.