အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ ပေးချေပြီးပါက အခြားခံစားခွင့်များ ဖြတ်တောက်ခြင်းမပြုရန် အပါအဝင် အချက် ၁၆ ချက်ရရှိရန် Adidas ဖိနပ်များ ထုတ်လုပ်သည့် စက်ရုံရှိ အလုပ်သမား ၆၀၀၀ ခန့် ဆန္ဒပြ

အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ ပေးချေပြီးပါက အခြားခံစားခွင့်များ ဖြတ်တောက်ခြင်းမပြုရန် အပါအဝင် အချက် ၁၆ ချက်ရရှိရန် Adidas ဖိနပ်များ ထုတ်လုပ်သည့် စက်ရုံရှိ အလုပ်သမား ၆၀၀၀ ခန့် ဆန္ဒပြ
Published 16 May 2018

ဆန္ဒဖော်ထုတ်နေသည့် အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ- ရှိုင်းလင်းအောင်)

အနည်းဆုံးအခကြေးငွေ ကျပ် ၄၈၀၀ ပေးချေပြီးပါက အခြားခံစားခွင့်များ ဖြတ်တောက်ခြင်းမပြုရန် အပါအဝင် အချက် ၁၆ ချက်ရရှိရန်အတွက် Adidas ဖိနပ်များ ထုတ်လုပ်သည့် စက်ရုံရှိ အလုပ်သမား ၆၀၀၀ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အဆိုပါ Adidas ဖိနပ်များ ထုတ်လုပ်သည့် စက်ရုံမှာ ချန်းရိအမည်ရှိ စက်ရုံဖြစ်ပြီး လှိုင်သာယာမြို့နယ် အနော်ရထာစက်မှုဇုန် ဆိပ်ကမ်းသာလမ်းတွင် တည်ရှိကာ အလုပ်သမားများက မေ ၁၄ ရက်က စတင်ဆန္ဒပြ တောင်းဆိုနေခြင်းဖြစ်သည်။

ဆန္ဒအလုပ်သမားများ တောင်းဆိုထားသည့် အချက်များမှာ အနည်းဆုံး အခကြေးငွေ ကျပ် ၄၈၀၀ အား စတင်ပေးရန်၊ ကျပ် ၄၈၀၀ ရရှိပြီးလျှင် အခြားသော ရပိုင်ခွင့်များ ဖြတ်တောက်ခြင်းမပြုရန်၊ အချိန်ပိုမဆင်းလျှင် မည်သည့်ရပိုင်ခွင့်များထဲမှ ဖြတ်တောက်ခြင်း မပြုရန်၊ အချိန်ပိုဆင်းလျှင် မုန့်စားချိန် နာရီဝက်အား မုန့်ဝယ်ခွင့်ပြုရန်၊ အစမ်းခန့် ဝန်ထမ်းများအား ဆန္ဒပြတောင်းဆိုမှုကြောင့် အလုပ်ထုတ်ခြင်းမပြုရန်၊ ကွန်တိန်နာကားဝင်လျှင် ပစ္စည်းအတင်အချခိုင်းခြင်း မပြုရန်၊ အဝတ်အစားနှင့် ပတ်သက်၍ အလုပ်ရှင်မှ စီမံခန့်ခွဲခြင်းမပြုရန်၊ ထုတ်လုပ်မှု ဆုကြေးနှင့် ရက်မှန်ကြေးအား ညှိနှိုင်းပေးရန်၊ အလုပ်သမားများ အချင်းချင်း ခွဲခြားဆက်ဆံခြင်း မပြုရန်၊ နိုင်ငံခြားသားများက အလုပ်သမားများအား တိုက်ရိုက်အုပ်ချုပ်ခြင်းမပြုရန်၊ All Super များ၊ Super များက ဆဲဆိုခြင်းမပြုရန်၊ နှစ်ပြည့်ဝန်ထမ်းများအား နှစ်ကြေးပေးရန်၊ လူမှုဖူလုံရေးကတ် မရှိခြင်းအား ပြုလုပ်ပေးရန်၊ ထုတ်လုပ်မှု ဆုကြေးအား ဝန်ထမ်းအားလုံး တစ်ပြေးညီပေးရန်၊ အလုပ်သမားဦးရေပေါ် မူတည်၍ ဆေးခန်း၊ ဆရာဝန်များ လုံလောက်စွာထားပေးရန် စသည့်အချက်များ ဖြစ်ကြောင်း သိရသည်။

“၄၈၀၀ ကို စက်ရုံက တရားဝင် မပေးသေးတဲ့ အတွက်ကြောင့် ဆန္ဒပြတာပါ။ ၄၈၀၀ ပေးပြီး ကျန်တဲ့ခံစားခွင့်တွေ မဖြတ်တာတွေ၊ အချိန်ပိုမဆင်းရင် ရက်မှန်ကြေးဖြုတ်တာ မလုပ်ဖို့နဲ့ အစမ်းခန့် ဝန်ထမ်းတွေကို ဆန္ဒပြတဲ့အတွက် အလုပ်မထုတ်ဖို့နဲ့ အခြားအချက်တွေ တောင်းဆိုထားတယ်။ မနေ့ကတော့ စက်ရုံထဲမှာ ညှိနှိုင်းခဲ့တဲ့အတွက် မူအားဖြင့်တော့ လေး၊ ငါးချက် သဘောတူညီမှု ရထားပြီးပြီ။ စာချုပ်တော့ မချုပ်ရသေးဘူး။ ကျန်တဲ့ အချက်တွေကို ဆက်ညှိနေတယ်။ တောင်းဆိုထားတာတွေ မရမချင်း ကျွန်တော်တို့ ဆက်ပြီးတော့ ဆန္ဒပြသွားပါမယ်” ဟု အဆိုပါ စက်ရုံတွင် လုပ်ကိုင်လျက်ရှိသည့် ကိုချစ်ကိုကိုအောင်က ပြောကြားသည်။

“စက်ရုံထဲမှာ ယူနီဖောင်းမပေးတဲ့အပြင် ရှူးဖိနပ် ဝတ်ရတယ်။ သူတို့က မပေးတဲ့အတွက် ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ဝတ်ရတယ်။ ကျွန်မတို့က အခြေခံ လူတန်းစာတွေလေ။ ဒီကပေးတဲ့လစာနဲ့ အဝတ်အစားတို့ ဖိနပ်တို့ ဝယ်ဝတ်ရတယ်။ ထဘီတို့၊ စကတ်တို့ ဝတ်ခွင့် မရှိဘူး။ ရာသီဥတုက ပူတဲ့အတွက် ဘောင်းဘီရှည်၊ ရှူးဖိနပ်နဲ့ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ အဲဒါတွေ အဆင်မပြေတဲ့အတွက် တောင်းဆိုထားပါတယ်” ဟု ဆန္ဒထုတ်ဖော်လျက်ရှိသည့် အလုပ်သမား တစ်ဦးဖြစ်သူ မခင်ကြည်ပြာက ပြောကြားသည်။

အလုပ်သမားများ ဆန္ဒပြမှုနှင့် ပတ်သက်၍ Adidas ဖိနပ်များ ထုတ်လုပ်သည့် ချန်းရိကုမ္ပဏီမှ တာဝန်ရှိသူများကို သွားရောက်မေးမြန်းခဲ့ရာ မဖြေကြားနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ဆန္ဒထုတ်ဖော်နေသည့် အလုပ်သမားများနှင့် စက်ရုံတာဝန်ရှိသူများအကြား ကျန်ရှိနေသည့် အချက်များကို ဆက်လက်ညှိနှိုင်း လျက်ရှိကြောင်း၊ ညနေ ၅ နာရီကျော်အထိ ပြီးပြတ်ခြင်း မရှိသေးကြောင်း ဆန္ဒထုတ်ဖော်နေသူများထံမှ သိရသည်။

အဆိုပါစက်ရုံမှာ Adidas ဖိနပ်များကို ထုတ်လုပ်လျက်ရှိသည့် စက်ရုံတစ်ရုံဖြစ်ပြီး အလုပ်သမား ၆၀၀၀ ကျော် အလုပ်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီသည် မြန်မာနိုင်ငံရှိ အလုပ်သမားများ အတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ကျပ် ၆၀၀ နှုန်းဖြင့် အလုပ်ချိန် ၈ နာရီ (တစ်ရက်) ကျပ် ၄၈၀၀ ပေးရမည်ဖြစ်ကြောင်း မေ ၁၄ ရက် ရက်စွဲဖြင့် အမိန့်ကြေညာချက် ထုတ်ပြန်ခဲ့သည်။

 

Most Read

Most Recent