ရွှေစက်တော်ပွဲတော်ချိန်က မန်းချောင်းအတွင်း အပန်းဖြေစခန်း ဖွင့်သောကြောင့် ရေအရင်းအမြစ်ဥပဒေဖြင့် တရားစွဲဖမ်းဆီးခံထားရသည့် ကဗျာဆရာ လူပအောင်အမှု မင်းဘူးခရိုင် တရားရုံးသို့ အာမခံလျှောက်ထားရာ ပယ်ချခံရ

ရွှေစက်တော်ပွဲတော်ချိန်က မန်းချောင်းအတွင်း အပန်းဖြေစခန်း ဖွင့်သောကြောင့် ရေအရင်းအမြစ်ဥပဒေဖြင့် တရားစွဲဖမ်းဆီးခံထားရသည့် ကဗျာဆရာ လူပအောင်အမှု မင်းဘူးခရိုင် တရားရုံးသို့ အာမခံလျှောက်ထားရာ ပယ်ချခံရ
Published 16 May 2018

မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် ရွှေစက်တော်ပွဲတော်ချိန်က မန်းချောင်းအတွင်း အပန်းဖြေစခန်း ဖွင့်သောကြောင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဖမ်းဆီး ခံထားရသည့် ဦးကိုကိုအောင် (ခေါ်) ကဗျာဆရာ လူပအောင်အတွက် မင်းဘူးခရိုင်တရားရုံးသို့ အာမခံလျှောက်ထားမှုကို မေ ၁၅ ရက်က ပယ်ချခံခဲ့ရကြောင်း ၎င်း၏ရှေ့နေ ဦးကျော်ဝဏ္ဏထွန်းထံမှ သိရသည်။

ကိုလူပအောင်အား ရွှေစက်တော်ဘုရား၏ အနောက်တောင်ဘက် မီးပျံကျသောင်တွင် မန်းသီတာအမည်ဖြင့် ခွင့်ပြုချက်မရှိဘဲ အပန်းဖြေစခန်း ဖွင့်လှစ်သည် ဟုဆိုကာ မကွေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတေဇာထွန်းက တရားလိုပြု၍ မြစ်ကြောင်း ဖြိုးဥပဒေဖြင့် အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ထိုအမှုကို မင်းဘူးမြို့နယ်တရားရုံးမှ ရာဇသတ်ကြီး အမှုအမှတ် ၃၃၇/၂၀၁၈ဖြင့် လက်ခံခဲ့ကြောင်း မင်းဘူးမြို့ နယ် တရားရုံးတွင် အာမခံနှစ်ကြိမ် လျှောက်ထားခဲ့စဉ်ကလည်း ပယ်ချခံခဲ့ရသောကြောင့် မင်းဘူးခရိုင် တရားရုံးသို့ ဧပြီ ၁၉  ရက်က အာမခံထပ်မံ လျှောက်ထားခဲ့ရာ ထပ်မံပယ်ချ ခံခဲ့ရကြောင်း သိရသည်။

“ကိုလူပအောင်အတွက် အာမခံလျှောက်ထားမှုမှာ ဆေးစာမှာလည်း ဆရာဝန်က ခွဲစိတ်မယ့်ရက် အတိအကျ မပါဘူး။ အောက်ရုံးကလည်း သက်သေကိုးယောက်တောင် စစ်ပြီးသွားပြီ။ အောက်ရုံးကလည်း အမှုကို မြန်မြန်ဆန်ဆန် စစ်ပေးနေတယ်။ နှောင့်နှေးကြန့်ကြာအောင် လုပ်မနေဘူးဆိုပြီး ခရိုင်ရုံးက ပယ်ချလိုက်ပါတယ်။ ကျွန်တော်တို့က အထက်ကို အာမခံဆက်တက်လို့ ဆက်ကြာနေခဲ့တာပါ။ အောက်ရုံးမှာ ဆက်စစ်ရင်တော့ အမှုကပြီးပါပြီ။ ကျွန်တော်တို့ဘက်က တဲတွေဆောက်တာကိုလည်း မဆောက်ဘူးလို့ ငြင်းမထားပါဘူး။ အာမခံပေးလို့ရတဲ့ အမှုကို မပေးဘဲ အထက်ရုံးကလည်း အောက်ရုံးအမိန့်ကိုပဲ အတည်ပြုခဲ့ပါတယ်” ဟု ရှေ့နေ ဦးကျော်ဝဏ္ဏထွန်းက ပြောကြားသည်။

အဆိုပါအမှု၏ တရားလိုဖြစ်သည့် ဦးတေဇာထွန်းက “ဒီအမှုမှာက ဥပဒေပုဒ်မ၂၃ (ခ) ကို ကျူးလွန်တဲ့အတွက် ကိုလူပအောင်ကို တရားစွဲဆိုတာပါ။ မန်းရွှေစက်တော်မှာ ပေးထားတာတွေက အစိုးရအဖွဲ့က အစည်းအဝေး ထိုင်ပြီးတော့ ပေးထားတာတွေပါ။ အခုတိုင်ကြား ထားတာကတော့ တရားမဝင်တဲ့ဟာ ဆိုပြီးတော့ အစိုးရအဖွဲ့ကိုတိုင်တယ်။ အစိုးရအဖွဲ့ကနေမှ ကျွန်တော်တို့ကို ညွှန်ကြားလာခဲ့တာပါ” ဟု ၎င်းအား စတင်စစ်ဆေးသည့်နေ့က ပြောကြားခဲ့သည်။

ကဗျာဆရာ လူပအောင်သည် ငဖဲစောင်းတန်းအခြေ ရွှေစက်တော်ဘုရား ဝတ္တကနယ်မြေနှင့် ကင်းလွတ်သည့် မီးပျံကျသောင်ပြင်တွင် အပန်းဖြေစခန်းတစ်ခု ဖွင့်လှစ်ရန် ရွှေစက်တော်ပွဲတော် မကျင်းပမီကတည်းက သောင်ပြင်ကို စီမံခန့်ခွဲခွင့် ရှိသူများနှင့်လည်း တိုင်ပင်ခဲ့ပြီး ရွှေစက်တော်ဘုရား ဂေါပကအဖွဲ့နှင့် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ထံ လုပ်ငန်းအတွက် စာတင်ခဲ့ကြောင်း၊ ထို့နောက် ငဖဲမြို့မှ ရွှေစက်တော် ဘုရားသို့ သွားလာသည့်လမ်းတွင် မန်းချောင်းကိုဖြတ်ကူးသည့် တံတားတစ်စင်း တည်ဆောက်၍ ငဖဲစောင်းတန်း အတက်တွင်လည်း မြေနီကားလမ်းတစ်ခု ဖောက်လုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ငဖဲစောင်းတန်းခြေတွင် တဲများဆောက်လုပ်၍ မန်းသီတာ အမည်ဖြင့် အပန်းဖြေစခန်းတစ်ခု ဖွင့်လှစ်ခဲ့ကြောင်း ထိုသို့စတင် ဖွင့်လှစ်ခဲ့စဉ်က မန်းသီတာ အပန်းဖြေစခန်းအထိ ရွှေစက်တော် ဘုရားပွဲတော်တွင်းမှ လျှပ်စစ်မီး သွယ်တန်းပေးခဲ့သော်လည်း ပြန်လည်ဖြုတ်သိမ်းသွားခဲ့ကြောင်း ရွှေစက်တော်ပွဲတော် စတင်ချိန်တွင် ဘုရားဂေါပကအဖွဲ့မှ ကိုလူပအောင်၏ လုပ်ငန်းများကို ပိတ်သိမ်းရန် နှစ်ကြိမ်အကြောင်းကြားခဲ့ပြီး မင်းဘူးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင်လည်း တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent