စစ်တွေမြို့ ကယ်ဆယ်ရေးရပ်ကွက် အမှတ် ၁ တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ၁၇ လုံး မီးလောင်ဆုံးရှုံး

စစ်တွေမြို့ ကယ်ဆယ်ရေးရပ်ကွက် အမှတ် ၁ တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ် ၁၇ လုံး မီးလောင်ဆုံးရှုံး
Published 16 May 2018

စစ်တွေမြို့ ကယ်ဆယ်ရေးရပ်ကွက် အမှတ် ၁ တွင် ဖြစ်ပွားသည့် မီးလောင်မှုအား ငြှိမ်းသတ်နေသည်ကို တွေ့ရစဉ်

ရခိုင်ပြည်နယ် စစ်တွေမြို့ ကယ်ဆယ်ရေးရပ်ကွက် အမှတ် ၁ တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၇ လုံး မီးလောင်ကျွမ်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ မေ ၁၅ ရက် နံနက် ၁၁ နာရီခွဲခန့်က ဒေါ်ထူးချေ၏ နေအိမ်တွင် ဝိုင်ယာရှော့ဖြစ်ရာမှ စတင်လောင်ကျွမ်း ခဲ့ခြင်းဖြစ်ကာ ဘေးနားမှအိမ်များသို့ ကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ယင်းနှင့်ပတ်သက်ပြီး ပြည်နယ်မီးသတ်တပ်ဖွဲ့မှညွှန်ကြားရေးမှူး ဦးသော်ဒါက “ဆတ်ရိုးကျမြို့သစ် အကွက်အမှတ် ၁ မှာ မီးလောင်တယ်လို့ ကျွန်တော်တို့ စတင်သတင်းရတာက ၁၁ ခွဲပေါ့၊ ဒါပေမဲ့ ၁၁ နာရီ ၂၀ လောက်က စတင်လောင်ကျွမ်းတယ်လို့ ခန့်မှန်းပါတယ်။ ၁၁ နာရီ ၅၀ မှာ မီးမကူးအောင် ထိန်းနိုင်ခဲ့ပါ တယ်။ ၁၂ နာရီ ၁၀ မိနစ်မှာ မီးလုံး၀ ငြိမ်းပါတယ်။ မီးသတ်ကား ကိုးစီးပေါ့။ စစ်တပ်က တစ်စီးဆိုတော့ ၁၀ စီးနဲ့ ငြှိမ်းသတ်ခဲ့ပါတယ်။ ၁၅ ပေ ၃၀ ပေ နေအိမ် ၁၅ အိမ်၊ ကျန်တဲ့အဆောင် နှစ်ဆောင်ကတော့ မီးမကူးအောင် ဖျက်လိုက်ပါတယ်။ စုစုပေါင်း ပျက်စီးသွားတာက ၁၇ အိမ်ဖြစ်ပါတယ်။ ပျက်စီးဆုံးရှုံးမှု တန်ဖိုးက ကျပ် ၅၁ သိန်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် ဆုံးရှုံးသွားသည့် နေအိမ်များ အားလုံးနီးပါးသည် သွပ်မိုး၊ ဝါးထရံကာ၊ ပျဉ်ခင်း နေအိမ်များဖြစ်ပြီး မီးလောင်ဆုံးရှုံးမှု တန်ဖိုးမှာ ကျပ် ၅၁ သိန်းခန့် ရှိကြောင်းလည်း မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပြီး မီးလောင်မှုအား မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများ၊ တပ်မတော်သားများနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။

နေအိမ်မီးလောင်ဆုံးရှုံး သွားခဲ့ရသော ဦးကျော်စိုးအောင်ကလည်း “ကျွန်တော်က ရုံးကိုသွားတာ၊ မီးလောင်တယ်ဆိုပြီး ပြန်ပြေးလာတော့ ကျွန်တော့်အိမ်က လောင်နေပြီ။ ကလေးပွေ့ပြီး ပြေးသွားခဲ့ရတယ်။ ဘာတစ်ခုမှ မရလိုက်ဘူး။ ကျွန်တော်က အိမ်ငှားပြီးနေတာပါ။ ဘာတစ်ခုမှ မရလိုက်ဘူး။ သားသမီး တွေကိုတောင် ရှာရဦးမယ်။ ကျွန်တော့်အိမ်ရဲ့ နောက်ဘက်က အိမ်ကနေ စလောင်တာဆိုတော့ လယ်ပြေစာ စာရွက်တွေလည်း အများအပြား ပါသွားတယ်။ အခုဘယ်နေရာနေလို့ နေရမှန်း မသိတော့ဘူး။ အတော်လေး ဒုက္ခရောက်သွား ခဲ့ရပါတယ်။ ထိခိုက်ဒဏ်ရာ ကြီးကြီးမားတော့ ရတာမရှိဘူးလို့ သိရတယ်။ လောလောဆယ်တော့ တဲလေးနဲ့ဖြစ်ဖြစ် နေလို့ရမယ့် နေရာလေး တစ်ခုတော့ လိုချင်ပါတယ်။ ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ဆောက်လုပ်ပြီး နေပါ့မယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး ကနဦး မီးစတင်လောင်ကျွမ်းခဲ့သည့် နေအိမ်ပိုင်ရှင်အား အရေးယူ ဆောင်ရွက်လျက် ရှိကြောင်းနှင့် အမှတ် (၂) နယ်မြေရဲစခန်းမှ (ပ) ၄၉/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent