<

မြောင်းမြမြို့ရှိ ဇက်ဆိပ်များတွင် ဖြစ်ပေါ်နေသော လိုအပ်ချက်များအား တိုင်းဒေသကြီးအစိုးရက အကုန်ကျခံ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ၀န်ကြီးဆို

မြောင်းမြမြို့တွင် ကြိုးတံတား ပျက်စီးပြီးနောက် ခရီးသွားလာမှု မပြတ်တောက်စေရေးအတွက် ကားကြီးဇက်ဆိပ်နှင့် ကားလေးဇက်ဆိပ် နှစ်ခုအား တည်ဆောက်အသုံးပြုခဲ့ရပြီး ဇက်ဆိပ်များတွင် နေ့စဉ်လိုအပ်နေသော အဆောက်အအုံများနှင့် ဇက်များပြင်ဆင်စရိတ်များကို တိုင်းဒေသကြီးအစိုးရက အကုန်ကျခံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ဇက်များ ကူးသန်းသွားလာရေးအတွက် အငြင်းပွားနေမှုများ၊ လိုအပ်ချက်များကို ရှင်းလင်းဖြည့်ဆည်း ဆောင်ရွက်နိုင်ရေးအတွက် မေ ၁၅ ရက် မြောင်းမြမြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ၀န်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီမှာကတော့ ခရိုင်အုပ်ချုပ်ရေးမှူးလည်း ရှိတယ်လေ၊ ခရိုင်အုပ်ချုပ်ရေးမှူးလည်း ရှိတဲ့အပြင် ဇက်ရေယာဉ် ကူးဖို့အတွက်ကိုလည်း ကော်မတီလည်း ဖွဲ့ပေးထားတယ်။ အဓိက CSO တွေပါတယ်၊ မြို့မိမြို့ဖတွေပါတယ်။ သူတို့ကစပြီးတော့ ဇက်တွေစကူးကတည်းက သူတို့တွေက ဘယ်သူမှ လုပ်ပါလို့ မပြောဘဲနဲ့ကို စေတနာနဲ့ လုပ်နေကြတာ၊ အဓိက သူတို့ကိုလည်း အသိအမှတ်ပြုတယ်။ ပြီးလို့ရှိရင် ဒီကော်မတီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ လုပ်ကြဖို့ပေါ့။ သို့သော်လည်းပဲ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေပြီးတော့ ဆုံးဖြတ်လုပ်ဆောင်ပေးရမယ့် အရာတွေ တင်ပြခိုင်းတာပေါ့။ အဓိက,ကတော့ ဒီမှာ ကုန်ကျစရိတ်တွေရှိတယ်၊ ကုန်ကျစရိတ်တွေဆိုတာ နားနေဆောင် ဆောက်ဖို့လိုပြီ။ မိုးရွာတော့မယ်။ နောက်စားစရိတ်တွေလည်း ဒါလည်း လှူဒါန်းနေတဲ့ သူတွေတော့ ရှိပါတယ်။ နောက်ပြီးတော့ အိမ်သာလိုတယ်၊ အဲဒါတွေလည်း ကျွန်တော်တို့ တိုင်းဒေသကြီး အစိုးရကပဲ ဒါတွေကို စီစဉ်ဆောင်ရွက်ပေးရမယ်။ နောက် ပြည်တွင်းရေကြောင်း ဘက်ကနေ ပြီးတော့လည်း ပို့ဆက်ဝန်ကြီးဌာနက တင်ထားတာတွေလည်း ရှိပါတယ်။ အဲဒါတွေက တစ်နှစ်စာအတွက် ဆီဖိုးတွေ၊ စရိတ်စကတွေ ဒါတွေလည်း နိုင်ငံတော်ကပဲ ကုန်ကျခံပြီးတော့ လုပ်ပေးမယ်ဆိုတာကို ဒါကိုအစည်းအဝေးမှာ ရှင်းပြတယ်။ အတတ်နိုင်ဆုံးတော့ အတတ်နိုင်ဆုံးတောင် မဟုတ်ဘူး အသေအချာပေါ့နော်။ ကုန်ကျစရိတ်ကို တွက်ပြီးတော့ တင်ပြထားတာတွေရှိတယ်။ တင်ထားတာတွေကို မနက်ဖြန်ပဲ ခရိုင်အုပ်ချုပ်ရေးမှူးကို ပေးနိုင်အောင်လို့ လုပ်ဖို့စီစဉ်ထားတယ်” ဟု လျှပ်စစ်၊ လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။

ဇက်ရေယာဉ်များ ပြေးဆွဲရာတွင် ဇက်ရေယာဉ်များ မကြာခဏပျက်စီးမှု ကြုံတွေ့ရာတွင် ပြင်ဆင်စရိတ်များ၊ စေတနာ့ဝန်ထမ်းများအတွက် အသုံးစရိတ်များအတွက် ဇက်ဆိပ်များတွင် ဇက်များစနစ်တကျ ပြေးဆွဲမှု ကြီးကြပ်ရေး ကော်မတီမှ အလှူငွေများ လက်ခံမှုအား ဝေဖန်မှုများ ကြုံတွေ့ရပြီးနောက် ယခုကဲ့သို့ ကုန်ကျစရိတ်အားလုံးအား အစိုးရပိုင်းမှ တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရန် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

May 15, 2018














Copy Protected by Chetan's WP-Copyprotect.