ပခုက္ကူသီးနှံဈေးကွက်တွင် ပဲစင်းငုံဈေးနှုန်း သုံးရက်ဆက် မြင့်တက်ခဲ့ပြီးနောက် တစ်တင်း ကျပ် ၁၅၀၀၀ ဝန်းကျင်သာ အမြင့်ဆုံး ရှိနေသည့်အတွက် တောင်သူများ စိုက်ပျိုးရန် အဆင်မပြေသေး

ပခုက္ကူသီးနှံဈေးကွက်တွင် ပဲစင်းငုံဈေးနှုန်း သုံးရက်ဆက် မြင့်တက်ခဲ့ပြီးနောက် တစ်တင်း ကျပ် ၁၅၀၀၀ ဝန်းကျင်သာ အမြင့်ဆုံး ရှိနေသည့်အတွက် တောင်သူများ စိုက်ပျိုးရန် အဆင်မပြေသေး
Published 16 May 2018

ပြီးခဲ့သည့် စိုက်ပျိုးရာသီက ပဲစင်းငုံသီးနှံအား သီးညှပ်အဖြစ် စိုက်ပျိုးထားသည့် ယာခင်းနှင့် ဒေသခံတောင်သူ တစ်ဦးအား တွေ့ရစဉ်

ပခုက္ကူသီးနှံဈေးကွက်တွင် ပဲစင်းငုံဈေးနှုန်း သုံးရက်ဆက် မြင့်တက်ခဲ့ပြီးနောက် တစ်တင်း ကျပ် ၁၅၀၀၀ ဝန်းကျင်သာ အမြင့်ဆုံးရှိနေသည့်အတွက် တောင်သူများ စိုက်ပျိုးရန် ထုတ်လုပ်မှုစရိတ်နှင့် အဆင်မပြေသေးကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

တစ်တင်းလျှင် ကျပ် ၁၀၀၀၀ ဝန်းကျင် ဖြင့် ခုနစ်လနီးပါး ရောင်းဝယ်ခဲ့သည့် ပဲစင်းငုံသီးနှံမှာ ပခုက္ကူသီးနှံ ဈေးကွက်အတွင်း မေ ၁၂ ရက်မှစ၍ ဈေးနှုန်းများ စတင်မြင့်တက်လာပြီး မေ ၁၅ ရက် ဈေးကွက်တွင် ပဲစင်းငုံ (အဟောင်း) တစ်တင်း ကျပ် ၁၄၇၀၀  ပေါက်ဈေးရှိကြောင်း သိရသည်။

“လက်ရှိဈေးကတော့ တောင်သူတွေအတွက် ဘယ်လိုမှ အဆင်မပြေသေးပါဘူး။ ပဲစင်းငုံက စိုက်စရိတ်နည်းတယ် ဆိုပေမဲ့ ရိတ်သိမ်းခြွေစရိတ်က ကြီးပါတယ်။ ပဲစင်းငုံတစ်တင်းရဖို့ လုပ်သားခ ကျပ် ၁၂၀၀၀ ကျော်လောက် ကုန်ပါတယ်။ လက်ရှိဈေးနဲ့ မကိုက်သလို ရာသီဥတု အခြေအနေအရလည်း စိုက်ဖို့ အဆင်မပြေပါဘူး။ အိန္ဒိယက ပြန်ဝယ်တယ် ဆိုတာနဲ့ ပတ်သက်လို့လည်း ဘာမှ ကျွန်တော်တို့က တိတိကျကျ မသိတဲ့အတွက် မစိုက်ချင်ကြဘူး။ တချို့က နွားစာအတွက် စိုက်ကြတာတွေရှိတယ်” ဟု မြိုင်မြို့နယ် အိုရင်းရွာမှ ကိုဗညားက ပြောကြားသည်။

ပဲစင်းငုံဈေး ရုတ်တရက် မြင့်တက်လာခြင်းမှာ အိန္ဒိယနိုင်ငံမှ ပဲစင်းငုံတန်နှစ်သိန်း ဝယ်ယူမည်ဟု သတင်းထွက်ပေါ်လာခြင်း ကြောင့်ဖြစ်ပြီး လေးရက်အတွင်း ပဲစင်းငုံတစ်တင်းလျှင် ကျပ် ၃၀၀၀ ခန့်ထိ ဈေးနှုန်းမြင့်တက်သွားကြောင်း သိရသည်။

မေ ၁၁ ရက်လောက်အထိ ပဲစင်းငုံအဟောင်း တစ်တင်းကို ကျပ် ၁၁၆၀၀ လောက်ပဲ ရှိပါတယ်။ အဲဒီနောက် အိန္ဒိယနိုင်ငံမှ တန်နှစ်သိန်း သွင်းခွင့်ပြုမယ် ဆိုတာကြောင့် ဈေးပြန်တက်လာပါတယ်။ ပဲလက်ကျန်ရှိတဲ့ တောင်သူရော ကုန်သည်ရောအတွက် သတင်းကောင်းပါ။ လက်ရှိကတော့ ပဲစင်းငုံအဟောင်း အရောင်းအဝယ် ပိုသွက်ပါတယ်” ဟု ပခုက္ကူမြို့မှ သီးနှံရောင်းဝယ်ရေး လုပ်ကိုင်သူ တစ်ဦးက ပြောကြားသည်။

ပခုက္ကူ သီးနှံဈေးကွက်အတွင်း မေ ၁၁ ရက်ထိ ကျပ် ၈၀၀၀- ၈၅၀၀ ဖြင့် ရောင်းဝယ်နေသည့် ပဲစင်းငုံ (အသစ်) မှာ မေ ၁၅ ရက် ဈေးကွက်တွင် ကျပ် ၁၁၅၀၀-၁၂၅၀၀- ၁၃၉၀၀ ဖြင့် အရည်အသွေးလိုက် ရောင်းဝယ်ခဲ့ကြောင်း သိရသည်။

ပခုက္ကူဒေသတစ်ဝိုက် တောင်သူများမှာ ယခုနှစ် စိုက်ပျိုးရာသီ စတင်ချိန်တွင် အချို့ဒေသများ၌ ပဲစင်းငုံ လုံးဝမစိုက်ပျိုးတော့ဘဲ ကျန်သီးနှံများ အစားထိုး စိုက်ပျိုးခဲ့ပြီး အချို့မှာ သီးညှပ်အဖြစ် ဆက်လက် စိုက်ပျိုးကြောင်း သိရသည်။

ပဲစင်းငုံသီးနှံမှာ အိန္ဒိယနိုင်ငံမှ တင်သွင်းခွင့် မကန့်သတ်မီ ၂၀၁၇ ခုနှစ် ဇွန်လထိ တစ်တင်းလျှင် ကျပ်၂၀၀၀၀ အထက် ပေါက်ဈေးရှိပြီး အချို့သော နှစ်များတွင် တစ်တင်းလျှင် ကျပ် ၅၀၀၀၀ အထက်ထိ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent