ကျောက်တန်းမြို့နယ်တွင် ကျပ်သိန်း ၃၀၀ ကျော် အကြွေးတောင်းရာမှ မုဒိမ်းမှု ဖြစ်ပွားသည်ဟုဆိုကာ ပုဒ်မလေးခုဖြင့် အမှုဖွင့်ခံရသူများအနက် ငါးဦး အာမခံရထားပြီး အမှုမှာ လိမ်လည်တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရ

ကျောက်တန်းမြို့နယ်တွင် ကျပ်သိန်း ၃၀၀ ကျော် အကြွေးတောင်းရာမှ မုဒိမ်းမှု ဖြစ်ပွားသည်ဟုဆိုကာ ပုဒ်မလေးခုဖြင့် အမှုဖွင့်ခံရသူများအနက် ငါးဦး အာမခံရထားပြီး အမှုမှာ လိမ်လည်တိုင်ကြားထားခြင်းဖြစ်ကြောင်း သိရ
Published 15 May 2018

ပုဒ်မ လေးခုဖြင့် တရားစွဲခံရပြီး အာမခံမရရှိခဲ့သူနှစ်ဦးအား မေ ၁၄ ရက်က ရုံးထုတ်လာသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ကျောက်တန်းမြို့နယ်တွင် ကျပ်သိန်း ၃၀၀ ကျော် အကြွေးတောင်းရာမှ မုဒိမ်းမှုဖြစ်ပွားသည်ဟုဆိုကာ ပုဒ်မလေးခုဖြင့် အမှုဖွင့်ခံရသူများအနက် ငါးဦး အာမခံရထားပြီး အမှုမှာ လိမ်လည်တိုင်ကြားထားခြင်းဖြစ်ကြောင်း စွပ်စွဲခံရသူ မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး စွပ်စွဲခံရသူများမှာ ခုနစ်ဦးရှိပြီး မေ ၁၄ ရက်က ကျောက်တန်းမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်ရမန်ယူခဲ့ကာ မေ၂၄ ရက်သို့ ရုံးချိန်းပြန်လည်ချိန်းဆိုခဲ့ကြောင်း၊  ငါးဦးအား အာမခံပေးထားကြောင်း တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက “နှစ်ဦးကတော့ ပုဒ်မ ၃၇၆ က အာမခံပေးလို့မရတော့ စခန်းမှာ ထိန်းသိမ်းထားပြီး စစ်ဆေးနေပါတယ်။ ကျန်တဲ့ ငါးဦးကတော့ အာမခံပေးလို့ရတဲ့ ပုဒ်မတွေဖြစ်လို့ အာမခံပေးထားပါတယ်။ ဒီနေ့တော့ စခန်းမှာ ထိန်းသိမ်းထားတဲ့နှစ်ဦးကို ကျောက်တန်းမြို့နယ် တရားရုံးမှာ ချုပ်ရက် ရမန်ယူမှာပါ။ တရားလို အမျိုးသမီးကိုတော့ သန်လျင်ဆေးရုံမှာ ဆေးစစ်နေပါတယ်” ဟု ပြောကြားသည်။

အဆိုပါအမှုမှာ လိမ်လည်တိုင်ကြားခံရသည့် အမှုဖြစ်ကြောင်း၊ တရားလိုအမျိုးသမီးက မေ ၁၄ ရက် ညနေ ၅ နာရီခန့်တွင် ကျောက်တန်းမြို့မရဲစခန်းသို့ လာရောက်ထွက်ဆိုခဲ့သည်ဟု ယင်းအမှုကို လိုက်လံကူညီဆောင် ရွက်ပေးသူ၏ ပြောကြားချက်ကို ကိုးကား၍ ဖမ်းဆီးခံထားရသူနှစ်ဦး၏ မိသားစုဝင် ကိုအောင်မျိုးက ပြောကြားသည်။

“ညနေ ၄ နာရီခွဲ ၅ နာရီ တရားလိုအမျိုးသမီး စခန်းကို ရောက်လာတယ်။ စခန်းရောက်တော့ စခန်းမှူးက နင်ထွက်ဆိုထားတာတွေက သုံးလေးမျိုးဖြစ်နေတယ်။ အဓမ္မ ပြုကျင့်တာ ဟုတ် မဟုတ် မေးတယ်။ အမျိုးသမီးက ပထမတော့ ဝန်မခံဘူး။ နောက်တော့မှ သူက အမှုကို လိမ်လည်တိုင်ထားမှန်း စခန်းမှာ ဝန်ခံသွားတယ်။ ကျွန်တော်တို့က အဲဒီအချိန်မှာ စခန်းအရှေ့မှာ ရှိနေတာပါ။  အဲဒီအမျိုးသမီး လိမ်လည်ထွက်ဆိုသွားတာကို ကျွန်တော်တို့ရဲ့အမှုကို လိုက်လံကူညီပေးတဲ့ သူငယ်ချင်းက ပြောပြတာပါ။ သူ့အမျိုးသားက ည ၈ နာရီလောက်မှာ စခန်းကို ရောက်လာပါတယ်” ဟု ကိုအောင်မျိုးက ဆက်လက်ပြောကြားသည်။

ယင်းဖြစ်စဉ်တွင် ဖမ်းဆီးခံထားရသူ နှစ်ဦးအနက် တစ်ဦးမှာ တောင်ဒဂုံမြို့နယ် ၁၀၆ ရပ်ကွက်တွင် ကုန်စုံဆိုင်ဖွင့်လှစ်ထားပြီး ကျန်တစ်ဦးမှာ လှိုင်သာယာမြို့နယ်တွင် သစ်အဟောင်းအရောင်းအဝယ် ပြုလုပ်နေသူဖြစ်ကြောင်း ကိုအောင်မျိုး၏ ပြောကြားချက်အရ သိရသည်။

ဖြစ်စဉ်တွင် ဖမ်းဆီးခံထားရပြီး မုဒိမ်းမှု ကျူးလွန်သည်ဟု စွပ်စွဲခံရသူနှစ်ဦးမှာ တရားလိုများအား သွားရောက်ခေါ်ဆောင်စဉ်တွင် ပါဝင်ခြင်း မရှိကြောင်း သိရသည်။

“အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖမ်းဆီးထားတာ တစ်ယောက်က ကျွန်တော့်ယောက်ဖ။ တစ်ယောက်က ကျွန်တော့်အစ်ကို။ ကျွန်တော့်အစ်ကိုနာမည်က မောင်ထွေး။ ယောက်ဖ နာမည်က ခင်မောင်(ခ)ပသားပါ။ အစ်ကိုက တောင်ဒဂုံ ၁၀၆ မှာကုန်စုံဆိုင်ဖွင့်တယ်။ အားရင် အားသလို တက္ကစီမောင်းတယ်။ ကျွန်တော့်ယောက်ဖကတော့ လှိုင်သာယာမှာ သစ်အဟောင်းတွေ အရောင်းအဝယ်လုပ်ပါတယ်။ တရားလိုမိန်းမရဲ့ ယောကျ်ားက ဦးကျော်။ သူက ပစ္စည်းရမယ်ပြောတော့ ကျွန်တော့်ယောက်ဖနဲ့သိတဲ့ ကိုလတ်က ဦးကျော်နဲ့ မိတ်ဆက်ပေးတယ်။ ဦးကျော်က ဗိုလ်မှူးနဲ့ ရင်းနှီးပြီး အလုပ်လုပ်နေတဲ့သူပါ။ စစ်တပ်က ဗိုလ်မှူးက ဂိုဒေါင်တွေကို လေလံရထားတယ် ပြောတယ်။ အဲဒီအတွက်ကြောင့် ဗိုလ်မှူးကို ပိုက်ဆံပေးရမယ်ပြောတယ်။ အဲဒီတော့ ကျွန်တော့်ယောက်ဖက ယုံပြီးတော့ အလုပ်လုပ်မယ်ဆိုပြီး ပစ္စည်းတွေ၊ ဂိုဒေါင်တွေကို သွားကြည့်ပြီး ဈေးဖြတ်တယ်။ ပိုက်ဆံပေးတယ်။ ပထမဆုံးပိုက်ဆံစပေးတဲ့အချိန်မှာ ရှေ့နေတွေ ဘာတွေနဲ့ စာချုပ်ချုပ်တယ်။ သိန်း ၁၁၀ ပထမဆုံးတစ်ခေါက် ပေးလိုက်တယ်။ ပေးပြီးတဲ့နောက်ပိုင်းမှာ ပစ္စည်းရမယ်ပြောပြီးနောက် တစ်ခေါက်လာပြီး ပိုက်ဆံထပ်လာတောင်းတော့  သိန်း ၅၀ ပေးလိုက်တယ်။ နောက်တစ်ခေါက်ထပ်လာတော့ ၅၀ ပေးလိုက်၊ ၇၀ ပေးလိုက်၊ ၃၀ ပေးလိုက်နဲ့ အားလုံးပေါင်းလိုက်ရင် သိန်း ၃၆၀ လောက်ရှိပါတယ်။ အဲဒီလိုပေးပြီးတော့နောက်ပိုင်း သူတို့က ဟိုနေ့ရမယ်၊ ဒီနေ့ရမယ် သြင်္ကန်ပြီးရမယ်ပြောတယ်။ နောက်ဆုံးတစ်ခေါက်မှာ သုံး၊ လေးရက်နေတော့ ဖုန်းတွေဘာတွေ ပိတ်လိုက်တယ်။ မလာတော့ဘူး။ သူ့လူတွေထဲကပဲ ဒီလူနေတဲ့နေရာကို ကျွန်တော်တို့သိတယ်ပြောပြီး သူတို့ပဲ သူတို့ကားတွေနဲ့သွားခေါ်တယ်။ ခေါ်တာတော့ ဗိုလ်မှူးတစ်ယောက်ပါတယ်။ ကိုဝင်းနိုင်ဆိုတဲ့ အခုအချုပ်ကျပြီး အာမခံနဲ့ ပြန်လွတ်သွားတဲ့သူရယ်၊ ကိုသန်းနိုင်ရယ် အားလုံးပေါင်း င ါးယောက်လောက်ရှိမယ်။ သွားခေါ်တဲ့အထဲမှာ ကျွန်တော့်ယောက်ဖလည်း မပါဘူး။ ကျွန်တော့် အစ်ကိုလည်း မပါဘူး။ သူတို့က သူတို့ ကားတွေနဲ့ သွားခေါ်ပြီး လှိုင်သာယာကို ခေါ်လာခဲ့တယ်။ လှိုင်သာယာအိမ်မှာ ကျွန်တော့် ယောက်ဖပဲရှိတာပါ။ အစ်ကိုက တောင်ဒဂုံ ၁၀၆ မှာပါ။ ညကျမှလာပြီး ကျွန်တော့် အစ်မကို လာခေါ်တယ်။ ကျွန်တော့်အစ်မက သူ့ ယောက်ျားကို ဖမ်းသွားလို့ဆိုပြီး လှမ်းခေါ်လို့။ ကျွန်တော့်အစ်ကိုက ရဲစခန်းကို လိုက်ပို့ တာပါ။ လှိုင်သာယာခေါ်လာတဲ့အချိန်မှာ ဗိုလ်မှူးက ပိုက်ဆံတွေ ဘာလုပ်လိုက်လဲ။ ငါတို့ကို ပိုက်ဆံတွေလည်း လာမသွင်းဘူးမေးတယ်။ အဲဒါနဲ့ ဦးကျော်က ကျွန်တော် ကားဝယ်လိုက်တယ်။ ကျွန်တော့်မိန်းမကို ရွှေဝယ် ပေးလိုက်တယ် ပြောတယ်။ အဲဒီအချိန်တရားလို သူ့မိန်းမလည်းရှိတယ်။ သူ့မိန်းမကိုမေးတော့ ပိုက်ဆံပြန်သွားယူပေးမယ်လို့ ပြောတယ်။ အဲဒီအမျိုးသမီးက ရွှေတွေဘာတွေ ရောင်းပြီး သိန်း ၁၀၀ ရရ၊ ၁၅၀ ရရ ပေးမယ် လို့ပြောပြီး ပိုက်ဆံတွေ သွားပြန်ယူတယ်။  ပိုက်ဆံသွားယူနေတဲ့အချိန် အဲဒီမိန်းမကို ဖုန်းဆက်တော့ ၂ နာရီရောက်မယ်ပြောပြီး ညနေ ၄ နာရီထိုးသွားတယ်။ ဗိုလ်မှူးကတော့ ဒီမိန်းမ ငါတို့ကို ကလိမ်ကကျစ် ကျသွားပြီဆို ပြီး သူ့နောက်ကို လိုက်သွားကြတယ်။ ဖုန်း ဆက်တော့ အဲဒီမိန်းမက သာကေတရောက်နေတယ်ပြောတယ်။ ကျွန်တော့် ယောက်ဖလည်း ကားနဲ့ပါသွားတယ်။ သာကေတရောက်ပြီး ထပ်ပြီးဖုန်းဆက်တော့ ဒဂုံဆိပ်ကမ်း ရောက်နေတယ်ပြောလို့ ထပ်လိုက်သွားတယ်။ အဲဒီအချိန်မှာ ကျွန်တော့်ယောက်ဖကားထဲမှာ တရားလိုမိန်းမရဲ့ ယောကျ်ားလည်းပါ တယ်။ အခုဖမ်းခံထားရတဲ့ သူတွေလည်း ပါတယ်။ ကျွန်တော့်အစ်ကိုတော့ မပါဘူး။ ဒဂုံ ဆိပ်ကမ်းက ပွိုင့်လက်ဖက်ရည်ဆိုင်မှာ ပိုက်ဆံယူဖို့စောင့်နေတုန်း မီးတန်းကားနဲ့ လာဖမ်းသွားတယ်။ အခု အဖမ်းခံထားရတဲ့ ခင်မောင် (ခ) ပသားက ကျွန်တော့် အစ်မရဲ့ ယောက်ျားပါ။ သူ့ယောကျ်ားအဖမ်းခံရတယ် ဆိုပြီး ကျွန်တော့်အစ်ကိုဆီ ဖုန်းဆက်တော့ စခန်းကိုရောက်သွားတယ်။ စခန်းရောက်တော့ တရားလိုမိန်းမက လက်ညှိုးထိုးပြီး ကျွန်တော့်ယောက်ဖနဲ့ အစ်ကိုကို မုဒိမ်းကျင့်တယ် ပြောပါတယ်” ဟု ကိုအောင်မျိုးက ပြောကြားသည်။

တောင်ဒဂုံမြို့နယ် ၆၈ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်က “ဦးကျော် (တရားလိုအမျိုးသမီး၏ ခင်ပွန်း) က ဟိန္ဒူဘုရားကျောင်းက ဂေါပကလူကြီးလို့ ကြားတယ်။ ဆေးလည်းကုတယ်။ အခုဖြစ်တဲ့ကိစ္စက အရောင်းအဝယ် ကိစ္စတွေပါ။ သူက (တရားလိုအမျိုးသမီး၏ခင်ပွန်း) က ကုန်ကြမ်းရှာမယ်။ ဒီ ဘက်က ဝယ်မယ့်သူ ဝယ်လက်ရှာတဲ့ ပုံစံမျိုးနဲ့ အဲဒီလို ဆက်သွယ်တယ်လို့ သိရတယ်။ ဦးကျော်က လုပ်ငန်းမရှိပေမယ့် သူက အဆောက်အအုံ ဂိုဒေါင်ပျက်တွေကို တပ်ကနေ လေလံပစ်တဲ့ ဟာကိုဝယ်တယ်။ ဒီဘက်က အဖမ်းခံရတဲ့သူတွေက ဝယ်လက်ရှာတယ်။ အဲဒီကနေ အဆက်အသွယ် ရပြီးတော့ လိမ်သွားတဲ့အခါကျမှ လိုက်ကြတာပါ။ ပိုက်ဆံတွေပါသွားတော့ သူ တို့ကို တွေ့မှဖြစ်မယ်။ လိုက်ရှာကြတယ်လို့ သိရပါတယ်” ဟု ပြောကြားသည်။

ယင်းသို့သောအခြေအနေတွင် လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ရေးသားထားသည့် အချက်အလက်အကြောင်းအရာများမှာ စွပ်စွဲခံရသည့်မိသားစုဝင်များနှင့် ကာယကံရှင်များ၏ ဂုဏ်သိက္ခာ ကျဆင်းစေသဖြင့် တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားရန် အစီအစဉ်ရှိကြောင်းလည်း စွပ်စွဲခံရသည့် မိသားစုဝင်များကပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၁၀ ရက်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပြစ်မှုကျူးလွန်သည်ဟု ဆိုသည့် ဝင်းနိုင် ၅၂ နှစ် ၊ သန်းဝင်း ၄၇ နှစ် ၊ ဝင်းသိန်း ၃၈ နှစ်၊ ခင်မောင်(ခ)ပသား ၅၀ နှစ်၊ ဗိုလ်ကြီး ကောင်းခန့်ကျော် ၃၂ နှစ်နှင့် နောက်ထပ်စုံစမ်းဆဲ နှစ်ဦး စုစုပေါင်း တရားခံခုနစ်ဦးအား ပ-၁၇၇/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ- ၃၇၆/ ၃၂၃/၃၄၂/၁၁၄ တို့ဖြင့် ကျောက်တန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်ထားကာ တရားရင်ဆိုင်နေရခြင်းဖြစ်သည်။

Most Read

Most Recent