သူနာပြုလိုအပ်ချက် မြင့်မားသဖြင့် ယခုနှစ်မှစ၍ သူနာပြုသင်တန်းသား ဦးရေကို ယခင်နှစ်များထက် နှစ်ဆတိုးမြှင့် ခေါ်ယူသင်ကြားထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား

သူနာပြုလိုအပ်ချက် မြင့်မားသဖြင့် ယခုနှစ်မှစ၍ သူနာပြုသင်တန်းသား ဦးရေကို ယခင်နှစ်များထက် နှစ်ဆတိုးမြှင့် ခေါ်ယူသင်ကြားထားကြောင်း ပြည်ထောင်စုဝန်ကြီး ပြောကြား
Published 15 May 2018

သူနာပြုတက္ကသိုလ်တွင် တက်ရောက်နေသည့် သူနာပြုများအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်ရှိ ဆေးရုံအသီးသီးတွင် သူနာပြု လိုအပ်ချက် မြင့်မားနေသည့် အတွက် ယခုနှစ်မှစ၍ သူနာပြုသင်တန်းသား ဦးရေကို ယခင်နှစ်များထက် နှစ်ဆတိုးမြှင့်ခေါ်ယူ သင်ကြားထားကြောင်း မေ ၁၂ ရက်က ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် သူနာပြုနှင့် သားဖွားဆရာမများ၏ ပြည်သူ့ကျန်းမာရေးဆိုင်ရာ စွမ်းရည်၊ ကုသရေးနှင့် သူနာပြုစုမှုစွမ်းရည်များ ယခုထက် ပိုမိုတိုးတက်စေရေး၊ သူနာပြုနှင့် သားဖွားဆိုင်ရာ လူ့စွမ်းအား အရင်းအမြစ် တိုးတက်စေရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိကြောင်း၊ လိုအပ်ချက်အရ သူနာပြုသင်တန်းသား ဦးရေကို နှစ်စဉ် ၁၈၀၀ ဦးခန့်သာ သင်ကြားပေးနိုင်ခဲ့ရာမှ ယခုနှစ်မှစ၍ နှစ်ဆတိုးမြှင့်ပြီး ၃၆၀၀ အထိ တိုးမြှင့်ခေါ်ယူ သင်ကြားပေးခဲ့ကြောင်းနှင့် သင်ရိုးညွှန်းတမ်းနှင့် သင်ကြားရေး စနစ်များကို နိုင်ငံတကာ အဆင့်အတန်းမီ ဖြစ်စေရေး ပြောင်းလဲ ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းလည်း ယင်းအခမ်းအနားတွင် ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံရှိ လူဦးရေ ရာခိုင်နှုန်း ၇၀ ခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြသည့်အတွက်    ကျေးလက်ဒေသတွင် အများစု တာဝန်ထမ်းဆောင်ကြရသော သားဖွားဆရာမများ၏ အရည်အသွေး ပိုမိုမြင့်မားစွာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း၊ သူနာပြု/သားဖွားများ၏ ဘဝတက်လမ်းအတွက် ဘွဲ့အရာရှိများ ဖြစ်လာစေရန် သားဖွားသိပ္ပံ ဘွဲ့များပေးအပ်နိုင်ရန်လည်း စီစဉ်နေပြီး ပြည်ပအတွေ့အကြုံများ ရရှိစေရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစီအစဉ်ဖြင့် သင်တန်းများ၊ လေ့လာရေးခရီးများ စေလွှတ်သွားရန်လည်း စီစဉ်ထားကြောင်းနှင့် သူနာပြု၊ သားဖွားဆရာမများအား ဝန်ကြီးဌာနက ရာထူးနေရာများ ပေးရန်နှင့် သားဖွားဆရာမများအတွက် ပညာရပ်ဆိုင်ရာ ဘွဲ့များလည်း ပေးအပ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အောက်တွင် အကြောင်းအမျိုးမျိုးကြောင့် လိုအပ်သော သူနာပြု ပမာဏ၏ ၅၄ ရာခိုင်နှုန်းသာ လက်တွေ့တွင် အလုပ်ဝင်ရောက်မှု ရှိနေခြင်းကြောင့် အစိုးရပြည်သူ့ဆေးရုံများ၌ သူနာပြု ဝန်ထမ်းအင်အား နည်းပါးနေကြောင်း၊ တစ်နိုင်ငံလုံးတွင် ဆေးရုံပေါင်း ၁၁၂၃ ရုံ၊ သူနာပြု ဝန်ထမ်းအင်အား အနေဖြင့် ခွင့်ပြု ၃၇၇၀၄ ဦး၊ ခန့်ထား ၂၀၆၈၃ ဦးရှိပြီး လစ်လပ် ၁၇၀၂၁ ဦးရှိကြောင်းနှင့် အစိုးရပြည်သူ့ ဆေးရုံများ၌ သူနာပြုဝန်ထမ်းအင်အား နည်းပါးနေပြီး အလုပ်မဝင်ရောက်သူဦးရေ များပြားလာသောကြောင့် ၂၀၁၅ ခုနှစ်မှစ၍ သူနာပြုများကို ဘွဲ့၊ ဒီပလိုမာ အောင်လက်မှတ် ချီးမြှင့်စဉ်မှာပင် တစ်ပြိုင်နက် နိုင်ငံ့ဝန်ထမ်းအဖြစ် အလုပ်ခန့်စာကို ပေးအပ်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် သူနာပြု တက္ကသိုလ်နှစ်ခု၊ သူနာပြု၊ သားဖွားနှင့် နှီးနွှယ်ကျောင်း ၅၀ တို့မှ မြန်မာနိုင်ငံအတွက် လိုအပ်လျက်ရှိသော သူနာပြုနှင့် သားဖွားများကို မွေးထုတ်လျက်ရှိကြောင်း၊ လက်ရှိအချိန်အထိ သူနာပြု ၃၅၀၀၀ ကျော်နှင့် သားဖွားဆရာမ ၃၇၀၀၀ ကျော် လေ့ကျင့်မွေးထုတ်ပေးပြီး ဖြစ်ကြောင်းနှင့် တက္ကသိုလ်နှင့် သင်တန်းကျောင်း အသီးသီးတွင် သင်တန်းသား ၉၀၀၀ ကျော် သင်တန်းတက်ရောက် လျက်ရှိကြောင်း သိရသည်။

ပညာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် သူနာပြုတက္ကသိုလ်သို့ တက်ရောက်ခွင့် ရရှိသူများသည် သင်တန်းကို ပြီးဆုံးအောင် တက်ရောက်ရမည်။ဘွဲ့ရရှိပြီးနောက် နိုင်ငံတော်မှ လိုအပ်သော အချိန်တွင် နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး သုံးနှစ်ကြာ တာဝန်ထမ်းဆောင်ပါမည်ဟု ဝန်ခံကတိလက်မှတ် ရေးထိုးရမည်။ ခံဝန်ချုပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ် ၄၀၀၀၀၀ (ကျပ်လေးသိန်း) တိတိကို ပေးလျော်ရန်နှင့် တည်ဆဲတရားဥပဒေအရ အရေးယူခြင်းကိုလည်း ခံရမည်ဖြစ်ကြောင်း ပါဝင်ပြီးဖြစ်သည်။

 

Most Read

Most Recent