ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်မှ သန်းခေါင်စာရင်းရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားကတ်ဦးစားပေးလုပ်ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနထံ စာပေးပို့ထား

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်မှ သန်းခေါင်စာရင်းရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားကတ်ဦးစားပေးလုပ်ပေးရန် သက်ဆိုင်ရာဝန်ကြီးဌာနထံ စာပေးပို့ထား
Published 15 May 2018

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်မှ သန်းခေါင်စာရင်းရရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့သည့် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားကတ် ဦးစားပေးလုပ်ပေးရန်အတွက် ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြစိန်က မေ ၁၄ရက်တွင်  အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံ စာပေးပို့ထားကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်တွင် အိမ်ခြေလေးထောင်ကျော်ရှိသည့်အနက် ၃၂ ဦးသာ သန်းခေါင်စာရင်းရရှိထားသည့်အတွက် မေ ၇ ရက်တွင် ရပ်ကွက်နေပြည်သူများက ဆန္ဒထုတ်ဖော်ခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က  ပြည်ထောင်စုဝန်ကြီးထံ ပေးပို့ထားသည့်စာတွင် ၆၇ ရပ်ကွက်နေပြည်သူများသည် ကျူးကျော်ဖြစ်သော်လည်း နိုင်ငံသားဖြစ်သည့်အတွက် နိုင်ငံသားများ၏  မူလအခွင့်အရေးက ရှိပြီးသားဖြစ်ပြီး ၎င်းတို့ မူလနေထိုင်ခဲ့သည့် နေရာတွင် ပုံစံ ၆၆/၆ ရှိပြီးဖြစ်ကြောင်း၊ ပြောင်းရွှေ့နေထိုင်နေသည့်  ၆၇ ရပ်ကွက်တွင်  ပိုင်ဆိုင်မှုမပြနိုင်သဖြင့် သန်းခေါင်စာရင်းမရရှိကြောင်း၊ သို့သော် ၆၆/ ၆ သည် ပိုင်ဆိုင်မှုကို အထောက်အထားပြုခြင်းမဟုတ်ဘဲ၊ မိသားစုစာရင်းသာဖြစ်သည့်အတွက် တက္ကသိုလ်ဝင်တန်းဖြေထားသည့် ကျောင်းသားများအပါအဝင် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားကတ် ဦးစားပေးလုပ်ပေးရန်စသည့် အချက်များပါဝင်ကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြစိန်က “ဝန်ကြီးကို စာရေးလိုက်တယ် ဒီနေ့ပဲ။ အဲဒီဆန္ဒပြရတဲ့ အကြောင်းတွေကို အခြေခံတယ်။ ဆိုလိုတာက အဓိကကတော့ ကျူးတွေက နိုင်ငံသား၊ မူလအခွင့်အရေးက ရှိပြီးသား။ သူတို့မှာ ဟိုဘက်ကလာတဲ့ ၆၆/ ၆ ရှိနေတယ်။ ဒီမှာက ပိုင်ဆိုင်မှု မပြနိုင်လို့၊ မပေးတာလို့ ပြောတယ်။ ဒါပေမဲ့ ၆၆/ ၆ သည်လည်း ပိုင်ဆိုင်မှုကို အထောက်အထားပြုတာ မဟုတ်ဘူး။ တကယ်က မိသားစုစာရင်းသာ ဖြစ်တယ်။ အဲဒါကြောင့် သူတို့နဲ့ နောက်ကလေးတွေ၊ ၁၀ တန်းဖြေတဲ့ ကလေးတွေ၊ ဟိုတစ်ခါ မတ်လကလည်း တင်ထားတယ်။ ၁၀ တန်းဖြေတဲ့ကလေးတွေကို မှတ်ပုံတင်တွေ ဦးစားပေးလုပ်ပေးဖို့၊ ပြောထားတယ်။ အဲဒါ မကျသေးဘူး၊ တိုင်းကိုတင်ထားတယ်လို့ ပြောတယ်။ ဝန်ကြီးဌာနကို ထပ်ရေးထားတယ်” ဟု ဆိုသည်။

မေ ၇ ရက် ဆန္ဒထုတ်ဖော်မှုတွင် ရပ်ကွက်နေပြည်သူ ၂၀၀ ကျော်က သန်းခေါင်စာရင်း ရရှိရေးအပါအဝင် အချက်ငါးချက်ဖြင့် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent