မိုးရာသီတွင် နှစ်စဉ်ကမ်းပြိုပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မင်းကြီးကျေးရွာကို မောင်တော-တောင်ပြို ကားလမ်းဘေးသို့ ပြောင်းရွှေ့တည်ဆောက်

မိုးရာသီတွင် နှစ်စဉ်ကမ်းပြိုပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မင်းကြီးကျေးရွာကို မောင်တော-တောင်ပြို ကားလမ်းဘေးသို့ ပြောင်းရွှေ့တည်ဆောက်
Published 15 May 2018

မင်းကြီးကျေးရွာသစ်တွင် နေအိမ်များ တည်ဆောက်နေသည်ကို မေ ၁၃ ရက်က တွေ့ရစဉ်

မိုးရာသီတွင် နှစ်စဉ်ကမ်းပြိုပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် မင်းကြီးကျေးရွာအား မောင်တော-တောင်ပြို ကားလမ်းဘေးသို့ ပြောင်းရွှေ့တည်ဆောက်လျက်ရှိကြောင်း သိရသည်။

နေရာပြောင်းရွှေ့ တည်ဆောက်သည့် မင်းကြီးကျေးရွာသစ်တွင် နေအိမ် ၈၂ လုံး တည်ဆောက်မည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပြည်သူများက နေအိမ် ၄၅ လုံးနှင့် နေအိမ် ၃၇ လုံး၊ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးတို့အား ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်သူများက ဆောက်လုပ်လှူဒါန်းနေခြင်း ဖြစ်ကြောင်း သိရသည်။

မင်းကြီးကျေးရွာသစ် တည်ဆောက်ခြင်း စီမံကိန်းကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းမှ စတင်ခဲ့ခြင်းဖြစ်ပြီး ယခုလကုန်ပိုင်းတွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

မောင်တောမြို့နယ်မှ မင်းကြီးရွာရှိ ရခိုင်တိုင်းရင်းသားများအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့မှ လှူဒါန်းဆောက်လုပ် ပေးနေသည့် အိမ်ရာ ၃၇ လုံးအား စောဌေးမြင့်ကုမ္ပဏီက ဆောက်လုပ်နေသည့် လုပ်ငန်းခွင်သို့ မေ ၁၃ ရက်က ကရင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေး သစ်တော သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာနှင့် ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးနှင့် အဖွဲ့သည် လာရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ပြူးမချောင်း ရေတိုက်စားမှုကြောင့် ပြောင်းရွှေ့ရမည့် မင်းကြီးရွာပြောင်းရွှေ့ရွာသစ် တည်မည့်နေရာသို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၃၀ ရက်က သွားရောက်ပြီး တိုင်းရင်းသားများအား တွေ့ဆုံအားပေးခဲ့သည်။

မင်းကြီးကျေးရွာသည် ဝက်ကျိန်းဘုရား တစ်ဖက်ကမ်း ပြူမချောင်းကမ်းနံဘေးတွင် တည်ရှိပြီး မိုးရာသီတွင် ချောင်းကိုကူးရန် မလွယ်ကူခြင်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ ချောင်းကမ်းပါးပြိုပြီး နေအိမ်များ ဆောက်လုပ်ရန် မြေနေရာ ရှားပါးလာခြင်းတို့ကြောင့် ယခင်ဆယ်စုနှစ်ခန့်က အိမ်ခြေ ၁၀၀ ကျော် ရှိခဲ့သော်လည်း အိမ်ထောင်စုတချို့မှာ ရန်အောင်မြင်(နတလ)၊ မင်းခမောင်း၊ မောရဝတီ(နတလ) အစရှိသည့် ကျေးရွာများသို့ ပြောင်းရွှေ့ခဲ့သဖြင့် လက်ရှိအိမ်ခြေ ၇၀ ကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။

လက်ရှိတွင် မင်းကြီးရခိုင်တိုင်းရင်းသား ကျေးရွာသစ်ကို ဝက်ကျိန်းဘုရားသွားရာ တောင်ပြို-ကြိမ်ချောင်း ကားလမ်းဘေးတွင် တည်ဆောက်သွားနေခြင်းဖြစ်သည်။

“အရင်က ချောင်းကို လှေနဲ့ကူးပြီး သွားလာရတယ်။ ပြဿနာဖြစ်ပြီဆိုရင် ထွက်ပေါက်ပိတ်နေတယ်။ ကမ်းပြိုတာက တစ်နှစ်ကို ပေ ၂၀ လောက်အထိ ပြိုတယ်။ နေအိမ်တွေလည်း ကမ်းပြိုရာမှာ နှစ်စဉ်ပါနေတော့ အသစ်ဆောက်မယ့်နေရာ မရှိတော့ဘူး။ ဒါကြောင့် ရွာကို ချောင်းကူးစရာ မလိုတော့တဲ့ တောင်ပြို -မောင်တော ကားလမ်းနဲ့ ဝက်ကျိန်းဘုရားသွားလမ်းဆုံတဲ့ လမ်းမထက်မှာ နေရာသတ်မှတ်ထားတယ်။ အခုနေအိမ်တွေ ဆောက်လုပ်နေပါပြီ” ဟု မင်းကြီးကျေးရွာသား ကိုလှသိန်းထွန်းက ပြောကြားသည်။

မောင်တောမြို့နယ် မြောက်ပိုင်းတွင် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးခဲ့သည့် ခုံတိုင် (မြို ) ရွာနှင့် နံ့သာတောင် ရခိုင်ကျေးရွာ၊ အကြမ်းဖက်ဖြစ်စဉ်ကြောင့် တစ်ရွာလုံး ထွက်ပြေးခဲ့ရသည့် မြဝတီကျေးရွာ၊ မေယုတောင်ထဲတွင် တည်ရှိပြီး သွားလာရေး ခက်ခဲသည့် ခရုချောင်း၊ မြောက်ခေါင်းတောင်၊ ပန်းချောင်း၊ အင်းချောင်းအောက် (မြို) တိုင်းရင်းသားကျေးရွာများအား စုစည်းကျေးရွာသစ်၊ ကျေးရွာသားရှစ်ဦး သတ်ဖြတ်ခံခဲ့ရသော ကိုင်းကြီး(မြို) ကျေးရွာတို့ကိုလည်း နေရာပြောင်းရွှေ့ကာ ကျေးရွာသစ်အဖြစ် ပြန်လည်တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသခံတိုင်းရင်းသားများကို စုစည်းပြီး ရပ်ရွာသစ်များ ပြန်လည်တည်ဆောက်ရန် စီစဉ်လျက်ရှိရာ မြိုတိုင်းရင်းသားများ အတွက် သစ်တုံးနားခွဆုံ၊ နတ်ချောင်း၊ ဇော်မတက်ရွာတို့တွင် လည်းကောင်း၊ ခမီ၊ ဒိုင်းနက်၊ ချင်းနှင့် မြိုတိုင်းရင်းသားများအတွက် ပဒကားရွာသစ်တွင် လည်းကောင်း၊ ရခိုင်တိုင်းရင်းသားများ အတွက် မင်းကြီးရွာသစ်၊ အထက်ပြူးမနှင့် ကွမ်းသီးပင် ကျေးရွာများတွင် လည်းကောင်း၊ မာရမာကြီး တိုင်းရင်းသားများအတွက် လောင်းဒုံးရွာတွင် လည်းကောင်း၊ သက်တိုင်းရင်းသားများအတွက် သက်ကိုင်ညာ ကျေးရွာတွင် လည်းကောင်း၊ ဒိုင်းနက်လူမျိုးများအတွက် ကာလာဒေးဖက် ကျေးရွာတွင် လည်းကောင်း၊ ဟိန္ဒူဘာသာဝင်များ အတွက် အိုးထိန်း၊ ရဲဘောက်ကျ၊ ကြိမ်ချောင်း၊ တောင်ပြို၊ မြို့မိချောင်း၊ ရွှေဇား၊ မြို့ဦးနှင့် လေးမိုင်ကျေးရွာများတွင် လည်းကောင်း ရွာသစ်များ ထူထောင်ပေးလျက်ရှိခြင်း၊ ထူထောင်ရန် စီစဉ်ထားရှိခြင်းများ ဆောင်ရွက်ထားရှိပြီး ဖြစ်ပါကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသ ပြန်လည်ထူထောင်ရေးအတွက် မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၁၄ ခု၏ အစိုးရအဖွဲ့များမှ ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးနေကြပြီး အိမ်ရာများ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent