FDA ဝန်ထမ်းအမျိုးသမီးအား သားမယားပြုကျင့်ခဲ့သည်ဟု ရဲစခန်းတွင်ဖြောင့်ချက်ပေးခဲ့ခြင်းမှာ ၎င်း၏ ဆန္ဒမပါဘဲ ပေးခဲ့ရခြင်းဖြစ်သည်ဟု အငှားယာဉ်မောင်းမျိုးဇော်ဦး တရားရုံး၌ ထွက်ဆို

FDA ဝန်ထမ်းအမျိုးသမီးအား သားမယားပြုကျင့်ခဲ့သည်ဟု ရဲစခန်းတွင်ဖြောင့်ချက်ပေးခဲ့ခြင်းမှာ ၎င်း၏ ဆန္ဒမပါဘဲ ပေးခဲ့ရခြင်းဖြစ်သည်ဟု အငှားယာဉ်မောင်းမျိုးဇော်ဦး တရားရုံး၌ ထွက်ဆို
Published 15 May 2018

မျိုးဇော်ဦးအား ပထမဆုံးအကြိမ် ရုံးထုတ်စဉ်က တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)

FDA ဝန်ထမ်းအမျိုးသမီးအား သားမယားပြုကျင့်ခဲ့သည်ဟု ရဲစခန်းတွင် ဖြောင့်ချက်ပေးခဲ့ခြင်းမှာ ၎င်း၏ ဆန္ဒမပါဘဲ ပေးခဲ့ရခြင်းဖြစ်ကြောင်း အငှားယာဉ်မောင်း မျိုးဇော်ဦးက မေ ၁၄ ရက် တွင် အရှေ့ပိုင်းခရိုင်တရားရုံး၌ ထွက်ဆိုသည်။

စစ်ဆေးမှုတွင် မျိုးဇော်ဦးက  FDA ဝန်ထမ်းအမျိုးသမီးအား သားမယားမပြုကျင့်ခဲ့သည့်အပြင် ဓမ္မတာနှင့်ဆန့်ကျင်ပြီး သားမယားပြုကျင့်ခဲ့ခြင်းမရှိဟု တရားရုံး၌ ထွက်ဆိုခဲ့ကြောင်း သိရသည်။

အဆိုပါတရားရုံးချိန်းတွင် အငှားယာဉ်မောင်း မျိုးဇော်ဦးက အရှေ့ပိုင်းခရိုင်တရား ရုံးတွဲဖက်ခရိုင်တရားသူကြီး (၄) ၌ စစ်ဆေးခံခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် FDA ဝန်ထမ်း အမျိုးသမီးအား ဝက်အူလှည့်ဖြင့်ထိုးသတ်ခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်း တရားသူကြီး၏ မေးမြန်းချက်အား မျိုးဇော်ဦးက ပြန်လည်ထွက်ဆိုခဲ့သည်။

FDA ဝန်ထမ်းအမျိုးသမီး၏ လက်ဝတ်လက်စားများကို  တောင်ဥက္ကလာပမြို့နယ်ရှိ ရတနာဆိုင်တစ်ဆိုင်တွင် ရောင်းချသည်ဟု တရားခွင်၌ ထွက်ဆိုခဲ့ကြောင်း သိရသည်။

“မျိုးဇော်ဦးက ရဲစခန်းမှာ သူ့ဆန္ဒမပါဘဲ ဖြောင့်ချက်ပေးရတာလို့ ထွက်ဆိုတယ် ။ ပြီးတော့ ဒီနေ့က မျိုးဇော်ဦးနဲ့ တရားခံပြသက်သေတစ်ဦးဖြစ်တဲ့ မျိုးဇော်ဦးရဲ့ဦးလေးကို စစ်ဆေးရမှာ။ ဒါပေမဲ့ တရားခံပြသက်သေက မျိုးဇော်ဦးကို တရားသူကြီးက စစ်ဆေးနေချိန်မှာ  တရားခွင်ထဲရောက်နေတယ်။ သက်သေအဖြစ် စစ်ဆေးခံရမယ့်လူက တရားခွင်ထဲ ဝင်ရောက်ခွင့်မရှိလို့ သူ့ကိုတရားခံပြသက်သေအဖြစ် နိုင်ငံတော်ရှေ့နေက ကန့်ကွက်ခဲ့တယ်။ အဲဒီတော့ သူ့ကို တရားခံပြသက်သေအဖြစ် မစစ်ဆေးဖြစ်တော့ဘဲ ပယ်ချလိုက်တယ်။ နောက်လာမယ့်ရုံးချိန်းမှာ နောက်ထပ်တရားခံပြသက်သေအဖြစ် မျိုးဇော်ဦးရဲ့ အိမ်နီးချင်းတစ်ဦးနဲ့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို  စစ်ဆေးမှာပါ” ဟု မျိုးဇော်ဦးဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးသူ အထက်တန်းရှေ့နေ ဦးမောင်မောင်စိုးက ပြောကြားသည်။

ရုံးချိန်းအား လာမည့် မေ ၂၁ ရက်သို့ ပြန်လည်ချိန်းဆိုထားကြောင်း သိရသည်။ အသတ်ခံခဲ့ရသည့် ဒုကြီးကြပ်ရေးမှူး အမျိုးသမီး၏အလောင်းအား ဇန်နဝါရီ ၂၁ ရက်တွင် ဒဂုံမြောက်မြို့နယ်၊ (၃၃) တိုးချဲ့ရပ်ကွက်၊ ငမိုးရိပ်ချောင်းကူးတံတားဘေး ကုလားမန်ကျည်း ပင်အောက်၌ တွေ့ရှိခဲ့ကြောင်း သိရသည်။

ကျူးလွန်သူ မျိုးဇော်ဦးအား ရဲတပ်ဖွဲ့မှ ဇန်နဝါရီ ၂၄ ရက်တွင် ဖမ်းဆီးရမိခဲ့ပြီးစစ်ဆေးရာ ဇန်နဝါရီ  ၂၀ ရက် ည ၇ နာရီကျော်ခန့်တွင် လှည်းတန်းလမ်းဆုံအနီး အင်းစိန် လမ်းမပေါ်မှ သေဆုံးသူ မရွှေရည်ဝင်းမှာ ဒဂုံမြို့နယ်သို့ပြန်ရန် ၎င်း၏ အငှားယာဉ်အား ငှားရမ်းစီးနင်းခဲ့ကြောင်း၊ ထိုသို့ လိုက်ပါစီးနင်း စဉ်ကားငှားခနှင့်ပတ်သက်ပြီး ဈေးဆစ်ရာမှ ၎င်းတို့နှစ်ဦးမှာ စကားများခဲ့ကြောင်း သိရသည်။

ထိုသို့ စကားများရာမှ မျိုးဇော်ဦးမှာ မရွှေရည်ဝင်း၏ လည်ပင်းအားညှစ်ရာ သတိလစ်သွားခဲ့ပြီး မရွှေရည်ဝင်းအား ၎င်းနေထိုင်ရာ ဒဂုံမြောက်မြို့နယ်သို့ ခေါ်ဆောင်လာခဲ့ကြောင်း၊ ယင်းနောက် လမ်းဘေးအမှောင်ရိပ်အတွင်း မရွှေရည်ဝင်း၏လည်ပင်းအား ဝက်အူလှည့်ဖြင့် တစ်ချက်ထိုးခဲ့ကြောင်း၊ မရွှေရည်ဝင်းမသေဆုံးမီ သားမယားအဖြစ် ပြုကျင့်ခဲ့ပြီး အလောင်းအား ငမိုးရိပ်ချောင်းကူးတံတား ဘေးသစ်ပင်အောက်တွင် စွန့်ပစ်ခဲ့သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။

Most Read

Most Recent