နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) လျှောက်ထား ရန်ကျန်ရှိသူအများစုသည် ရခိုင်ပြည်နယ်မှဖြစ်ပြီး အဓိကအကြောင်းရင်းတွင် မြန်မာနိုင်ငံ၌မရှိသော ရိုဟင်ဂျာလူမျိုးအမည်ဖြင့် သတ်မှတ်ခေါ်ဝေါ်စေလိုခြင်းကိစ္စ ပါဝင်

နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) လျှောက်ထား ရန်ကျန်ရှိသူအများစုသည် ရခိုင်ပြည်နယ်မှဖြစ်ပြီး အဓိကအကြောင်းရင်းတွင် မြန်မာနိုင်ငံ၌မရှိသော ရိုဟင်ဂျာလူမျိုးအမည်ဖြင့် သတ်မှတ်ခေါ်ဝေါ်စေလိုခြင်းကိစ္စ ပါဝင်
Published 15 May 2018

မေ ၁၄ ရက်က ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက NVC ကတ်ကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းနေစဉ် (ဓာတ်ပုံ-စည်သူ)

နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) လျှောက်ထားရန်ကျန်ရှိ သူအများစုသည် ရခိုင်ပြည်နယ်မှဖြစ်ပြီး အဓိကအကြောင်းရင်းတွင် မြန်မာနိုင်ငံတွင် မရှိသော ရိုဟင်ဂျာလူမျိုးအမည်ဖြင့် သတ်မှတ်ခေါ်ဝေါ်စေလိုခြင်း ကိစ္စပါဝင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

နေပြည်တော်၌ မတ် ၁၄ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး ပထမနေ့ တွင် ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား (NVC) ထုတ်ပေးခြင်းကိစ္စနှင့်ပတ်သက်ပြီး NVC ကတ်ထုတ်ပေးရေး စိစစ်ထုတ်ပေးရေး ဦးဆောင်အဖွဲ့ကိုယ်စား၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ရှင်းလင်းပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် NVC လျှောက်ထားရန် ကျန်ရှိနေသည့် အဓိကအကြောင်းအရင်းမှာ လူမျိုးအမည်ဖြည့်သွင်းမှုကို သဘောမကျခြင်း၊ အစွန်းရောက်များ၏ ဆန့်ကျင်ကန့်ကွက်မှုများအား ကြောက်ရွံ့ခြင်း၊ မြန်မာနိုင်ငံတွင် မရှိသော လူမျိုးအမည်ဖြင့် သတ်မှတ်ခေါ်ဝေါ်စေလိုခြင်း၊ အများစုမှာ တိုင်းရင်းသားစာနှင့် စကားမတတ်ကြသည့် အားနည်းချက်အပေါ် အခွင့်ကောင်းယူ၍ ဘာသာရေးခေါင်းဆောင်များ၊ အစွန်းရောက်သူများ၏ သြဇာသက်ရောက်ကာ ပြောဆိုမှုအပေါ် အမှားအမှန်ခွဲခြားနိုင်ခြင်းမရှိဘဲ အများစုလုပ်ဆောင်ချက်ကို အမှန်ဟုထင်မြင်ယူဆနေခြင်းတို့အပြင် နိုင်ငံသားအဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားကိုသာ ထုတ်ပေးရန် တောင်းဆိုနေခြင်းတို့ကြောင့် NVC အား လျှောက်ထားဆောင်ရွက်ခြင်း မပြုကြကြောင်း တွေ့ရှိရသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၅ ခုနှစ် မေ ၃၁ ရက်အထိ ယာယီသက်သေခံ လက်မှတ်အပ်နှံသူပေါင်း ၄၆၉,၁၈၃ ဦးရှိပြီး ၂၀၁၅ ခုနှစ် ဇွန် ၁ ရက်မှ ၂၀၁၈ ခုနှစ် မေ ၁၀ ရက်အထိ ယာယီသက်သေခံလက်မှတ် အပ်နှံသူများနှင့် နိုင်ငံသားစိစစ်မှုခံယူရန် လိုအပ်သူများအား NVC ထုတ်ပေးမှုပေါင်း ၆၂,၅၂၈ ဦးရှိပြီး လျှောက်ထားရန် ကျန်ရှိနေသူအများစုမှာ ရခိုင်ပြည်နယ်မှဖြစ်ပြီး ယာယီသက်သေခံလက်မှတ်အပ်နှံသူပေါင်း ၃၉၇,၄၉၇ ဦးအနက် NVC ကိုင်ဆောင်သူပေါင်းမှာ ၁၅ç၇၁၀ ဦးသာရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်းရှိ ယာယီသက်သေခံလက်မှတ်အပ်နှံသူ အများစုသည် NVC ထုတ်ယူကိုင်ဆောင်ထားခြင်း မရှိကြသဖြင့် မြန်မာနိုင်ငံအတွင်း နေထိုင်သူများအဖြစ် တရားဝင်အသိအမှတ်ပြုထုတ်ပေးခြင်းကို မိမိဘာသာမိမိ ဆန့်ကျင်နေသကဲ့သို့ ဖြစ်နေပြီး နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်တွင်လည်း ပူးပေါင်းပါဝင်ကြခြင်းမရှိသဖြင့် မြန်မာနိုင်ငံသားဥပဒေနှင့်အညီ နိုင်ငံသားအဆင့်အတန်း တစ်မျိုးမျိုးအဖြစ် အသိအမှတ် ပြုခြင်းခံရမည့် အခွင့်အရေးများအား မိမိသဘောဖြင့် လက်လွတ်ဆုံးရှုံးစေလျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ရသေ့တောင်၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲနှင့် အမ်းတို့တွင် ယခင်အစိုးရလက်ထက်က NVC ကို စုစုပေါင်း ၃,၆၇၅ ခု ထုတ်ပေးခဲ့ပြီး လက်ရှိအစိုးရလက်ထက်တွင် ၁၂ç၀၃၅ ခု ထုတ်ပေးခဲ့ကာ စုစုပေါင်း ၁၅,၇၁၀ ရှိကြောင်း သိရသည်။

Most Read

Most Recent