အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအဖြစ် ဘရာဇီးလ်နိုင်ငံသား လီအန်ဒရိုနှင့် ထိုးသတ်ရမည် မေ ၁၂ ရက်က ကျင်းပသည့်ပွဲတွင် ဘစ်ဒက်ရှ်ကို အနိုင်ရသဖြင့် ကမ္ဘာ့ချန်ပီယံဆုကို လီအန်ဒရို စိန်ခေါ်ခွင့် ရရှိခြင်းဖြစ်

အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ချန်ပီယံကာကွယ်ပွဲအဖြစ် ဘရာဇီးလ်နိုင်ငံသား လီအန်ဒရိုနှင့် ထိုးသတ်ရမည် မေ ၁၂ ရက်က ကျင်းပသည့်ပွဲတွင် ဘစ်ဒက်ရှ်ကို အနိုင်ရသဖြင့် ကမ္ဘာ့ချန်ပီယံဆုကို လီအန်ဒရို စိန်ခေါ်ခွင့် ရရှိခြင်းဖြစ်
Published 14 May 2018

ချန်ပီယံ စိန်ခေါ်ပွဲ ထိုးသတ်မည့် လီအန်ဒရို (Photo: onefc.com)

MMA ပြိုင်ပွဲ၏ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲအဖြစ် ဘရာဇီးလ် နိုင်ငံသား လီအန်ဒရိုနှင့် ယှဉ်ပြိုင် ထိုးသတ် ရမည်ဖြစ်ကြောင်း သိရသည်။ ယင်းချန်ပီယံဆုကာကွယ်ပွဲကို ဇွန် ၂၉ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသား အားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်သည်။

မေ ၁၂ ရက်က အင်ဒိုနီးရှား နိုင်ငံ၌ ကျင်းပခဲ့သည့် MMA ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲအဖြစ် ချန်ပီယံဟောင်း ရုရှားနိုင်ငံသား ဘစ်ဒက်ရှ်နှင့် ဘရာဇီးလ်နိုင်ငံသား လီအန်ဒရိုတို့ ယှဉ်ပြိုင်ထိုးသတ်ရာ လီအန်ဒရိုက တတိယအချီတွင် အနိုင်ရခဲ့သောကြောင့် အောင်လ အန်ဆန်အား စိန်ခေါ်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ အောင်လအန်ဆန်နှင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ပွဲထိုးသတ်မည့် လီအန်ဒရိုသည် ၂၀၀၈ ခုနှစ်တွင် MMA ပြိုင်ပွဲ စတင်ထိုးသတ်ခဲ့ပြီး မေ ၁၂ ရက်က ထိုးသတ်သည့်ပွဲ အပါအဝင် စုစုပေါင်း ၁၄ ပွဲ ထိုးသတ်ထားရာ ၁၁ ပွဲနိုင်၊ သုံးပွဲရှုံးထားသည်။ လီအန်ဒရိုသည် နောက်ဆုံးထိုးသတ်သည့် သုံးပွဲဆက် အနိုင်ရထားပြီး ပြိုင်ဘက်များမှာ အောင်လအန်ဆန် အနိုင်ထိုးသတ်ခဲ့သည့် မိုဟာမက်အလီ (အီဂျစ်)၊ ပတ်ခ်စတာနက် (ပိုလန်)နှင့် ဗစ်တာလီဘစ်ဒက်ရှ် (ရုရှား) တို့ ဖြစ်သည်။ လီအန်ဒရိုသည် အောင်လအန်ဆန်နှင့် ထိုးသတ်မည့် ကမ္ဘာ့ချန်ပီယံဆု စိန်ခေါ်ပွဲအတွက် ပြင်ဆင်ချိန် တစ်လကျော် ရရှိမည်ဖြစ်သည်။

အောင်လအန်ဆန်အား မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ရရှိအပြီး တွေ့ရစဉ် (ဓာတ်ပုံ-ညီညီစိုးညွန့်)

အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်း နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုရထားပြီး ပထမဆုံး ချန်ပီယံဆု ကာကွယ်ပွဲအဖြစ် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုအား ကာကွယ်ရမည်ဖြစ်သည်။ အောင်လအန်ဆန်သည် ၂၀၁၇ ခုနှစ် ဇွန် ၃၀ ရက်က ရန်ကုန်မြို့၌ ကျင်းပသည့် ပြိုင်ပွဲတွင် ဘစ်ဒက်ရှ်ကို အမှတ်ဖြင့် အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အောင်လအန်ဆန်သည် မြန်မာ နိုင်ငံ၌  ထိုးသတ်သည့် ချန်ပီယံ စိန်ခေါ်ပွဲ နှစ်ပွဲ အပါအဝင် ငါးပွဲစလုံး အနိုင်ရထားကြောင်း သိရသည်။

Most Read

Most Recent