မူဆယ်မြို့တွင်း ပစ်ခတ်မှုဖြစ်စဉ်တွင် မြေနီကွင်းကားဝင်းအတွင်း လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့သူအား မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားသဖြင့် သေဆုံးသူ ၂၀ ထိ ရှိလာ

မူဆယ်မြို့တွင်း ပစ်ခတ်မှုဖြစ်စဉ်တွင် မြေနီကွင်းကားဝင်းအတွင်း လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့သူအား မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းတွင်သေဆုံးသွားသဖြင့် သေဆုံးသူ ၂၀ ထိ ရှိလာ
Published 14 May 2018

မူဆယ်မြို့တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား မေ ၁၃ ရက်က တွေ့ရစဉ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် မေ ၁၂ ရက် နံနက် ၅ နာရီခန့်က KIA/TNLA ပူးပေါင်းအဖွဲ့က မူဆယ်မြို့တွင်းရှိ နေအိမ်များနှင့် လုံခြုံရေးကင်းစခန်းများကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် အရပ်သားများ စုစုပေါင်း ၂၀ ဦးထိ သေဆုံးခဲ့ရပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မေ ၁၂ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုဖြစ်စဉ်များမှ မူဆယ်မြို့အထွက် မြေနီကွင်းကားဝင်းအတွင်း လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့သူ တစ်ဦးအား မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်စဉ် ပြင်ဦးလွင်အကျော်တွင် သေဆုံးသွားခဲ့ခြင်းကြောင့် သေဆုံးသူ ၂၀ ထိရှိလာခဲ့ကြောင်း သိရသည်။

ရွှေလီမြစ်တစ်ဖက်ကမ်းရှိ နောင်ရန်းလုံခြုံရေး ကင်းစခန်း လာရောက်ပစ်ခတ်ခံရမှုများ၌ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများတွင် နောင်ရန်းကူးတို့စက်လှေဆိပ်၌ လာရောက် အလုပ်လုပ်ကိုင်ကြသူများလည်း ပါဝင်ပြီး သေဆုံးသူ နှစ်ဦးနှင့် ဒဏ်ရာရရှိသူ ခြောက်ဦးထိ ရှိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က စဉ့်ကူးဘက်ကနေ မူဆယ်ကိုလာပြီး အလုပ်လာလုပ်ကြတာပါ။ မူဆယ်ကို ရောက်တာ ငါးရက်လောက်ပဲ ရှိပါသေးတယ်။ အလုပ်က မနေ့က တစ်ရက်လောက်ပဲ လုပ်ရသေးတယ်။ ကျွန်တော်တို့ နေတဲ့တဲမှာ ရှစ်ယောက်နေကြတာပါ။ ဒဏ်ရာရတာ ခြောက်ယောက်။ နှစ်ယောက်ကသေတယ်။ တဲထဲမှာရှိတဲ့ ရှစ်ယောက်စလုံး ထိတယ်။ သူတို့က ဗုံးကိုတဲထဲ ပစ်ထည့်သွားတာ။ ကျွန်တော်ကတော့ ခြေထောက်နဲ့ ရင်ဘတ်မှာ ထိတယ်” ဟု မူဆယ်မြို့ နောင်ရန်းကူးတို့ဆိပ်တွင် ကုန်ထမ်းအလုပ် လာရောက်လုပ်ကိုင်သူ စဉ့်ကူးမြို့မှ ကိုဖိုးဆန်းက ပြောကြားသည်။

ပစ်ခတ်မှုများကြောင့် ပန်ခမ်းတံတားထိပ်တစ်ဖက်စီရှိ လုံခြုံရေးကင်းစောင့်ဘန်ကာများတွင် ကျည်ဆန်ရာများတွေ့ရှိရပြီး အမိုးများတွင်လည်း လက်နက်ကြီးထိမှန်မှုများ ရှိသည်ကို တွေ့ရှိရသကဲ့သို့ လူအများအပြား သေဆုံးခဲ့သည့် ရွှေလီမြစ်တစ်ဖက်ကမ်းရှိ နမ့်ခမ်းမြို့မ ပြည်သူ့စစ်(ဌာနေ)နောင်ရန်း လုံခြုံရေးကင်း စခန်းအတွင်းတွင်လည်း မီးလောင်ကျွမ်းထားမှုများ၊ ကျည်ဆန်ရာများ တွေ့ရှိခဲ့ရသည်။

“မနေ့ကဖြစ်တဲ့ဖြစ်စဉ်မှာတော့ ဝန်ထမ်းတစ်ဦးပါပါတယ်။ ဒုရဲအုပ်တစ်ယောက်ပါ။ သုံးယောက်ကတော့ ဒဏ်ရာရပါတယ်။ ပြည်သူ့စစ်အဖွဲ့ကတော့ သေဆုံးသူ ခုနစ်ဦးရှိပါတယ်။ ဒဏ်ရာရသူကတော့ နှစ်ဦးရှိပါတယ်။ ဖြစ်စဉ်သိသိချင်း ဒဏ်ရာရရှိသူတွေကို ဆေးရုံအမြန်ရောက်ရှိရေးအတွက် လူမှုရေးအသင်းအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ပေါင်းစပ်ပြီး လုပ်ပေးခဲ့ပါတယ်။ နောက်ပြီးတော့လည်း ကျွန်တော်တို့မြို့နယ်၊ ခရိုင်ထွေအုပ်အနေနဲ့လည်း တတ်နိုင်သလောက် ကူညီပေးခဲ့ပါတယ်။ နောက်ပြီး ပြည်နယ်အစိုးရကလည်း သေဆုံးသူတွေကို နှစ်သိန်း၊ စိုးရိမ်ဒဏ်ရာရသူတွေကို တစ်သိန်း၊ မစိုးရိမ်ရဒဏ်ရာရသူတွေကို ငါးသောင်းထောက်ပံ့တာတွေ ရှိပါတယ်” ဟု မူဆယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်က ပြောကြားသည်။

ပစ်ခတ်မှုဖြစ်ပွားခဲ့သည့်နေ့တွင် မူဆယ်မြို့တွင်းတွင် နေ့ခင်းဘက်အချိန်၌ ပုံမှန်အတိုင်း သွားလာနေကြသော်လည်း ညအချိန်တွင် လူအသွားအလာ မရှိသလောက် နည်းပါးသွားကြောင်း သိရသည်။

Most Recent