သားမယားပြုကျင့်မှုဖြင့် အဖမ်းခံထားရသော အချုပ်သားတစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်မှု တောင်ငူမြို့နယ် မြို့သစ်နယ်မြေရဲစခန်းတွင် ဖြစ်ပွား

သားမယားပြုကျင့်မှုဖြင့် အဖမ်းခံထားရသော အချုပ်သားတစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်မှု တောင်ငူမြို့နယ် မြို့သစ်နယ်မြေရဲစခန်းတွင် ဖြစ်ပွား
Published 14 May 2018

အသက်မပြည့်သေးသူ အိမ်နီးချင်းအား သားမယားပြုကျင့်မှုဖြင့် မေ ၁၁ ရက်က တောင်ငူမြို့နယ် မြို့သစ်နယ်မြေရဲစခန်းတွင် ဖမ်းဆီးခံထားရသော အချုပ်သားတစ်ဦးမှာ မေ ၁၃ ရက် နံနက်ပိုင်းက အိမ်သာထဲ၌ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“ပ-၁၄၈၊ ၃၇၆ အမှုက တရားခံပေါ့။ စခန်းတာဝန်ရှိသူတွေကို ဘယ်လိုမှမဆောင်ရွက်ပါဘူး။ သူက အိမ်သာဆေးရင်သုံးတဲ့ ဘရပ်တံနဲ့ပေါ့။ သူ့ကိုယ်သူ ဗိုက်ကိုထိုးတာပေါ့။ ထိုးတော့ တောင်ငူဆေးရုံကိုပို့တယ်။ တောင်ငူဆေးရုံရောက်တော့မှ ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားတယ်ပေါ့။ အဲဒါကိုတော့ သေမှုသေခင်းနဲ့ ဖွင့်ထားပါတယ်” ဟု တောင်ငူခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်စိုးမင်းက ပြောကြားသည်။

ဖြစ်စဉ်မှာ မေ ၁၃ ရက် နံနက် ၃ နာရီ ၁၅ မိနစ်ခန့်က မြို့သစ်နယ်မြေရဲစခန်း၏ အချုပ်ခန်းတွင် (ပ) ၁၄၈/၂၀၁၈၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် မေ ၁၁ ရက်မှ ၂၅ ရက်အထိ ချုပ်မိန့်ရမန်ရယူထားသည့် ဝင်းမြင့် ၅၃ နှစ်(ဘ) ဦးစိန်ထွန်း သာယာကုန်းပိုင်း၊ ဒိုးအင်းကျေးရွာ အုပ်စုနေသူသည် အိပ်ယာနိုးပြီး အိမ်သာတက်စဉ် အိမ်သာခွက်ဆေးသည့် ဘရပ်တံဖြင့် အိမ်သာအုတ်နံရံခံ၍ ၎င်း၏ရင်ညွန့်အား ထိုးသွင်းခဲ့ကြောင်း၊ ထိုးသွင်းဒဏ်ရာရရှိ၍ ညည်းညူသံကြားသဖြင့် သွားရောက်စစ်ဆေးခဲ့ရာမှ ဒဏ်ရာဖြင့်လဲကျနေသည်ကို တွေ့ရှိ၍ တောင်ငူနည်းပညာပရဟိတ လူနာတင်ယာဉ်ဖြင့် တောင်ငူဆေးရုံသို့ ပို့ဆောင်ကုသစဉ် နံနက် ၄ နာရီကျော်ခန့်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကိုဝင်းမြင့် သေဆုံးခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ် မဟုတ် စစ်ဆေးနိုင်ရန် စခန်းမှူးရဲအုပ် အောင်လင်းမှ တရားလိုလုပ်ကာ သေမှုသေခင်း အမှတ်စဉ် (၂/၂၀၁၈)ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိမိကိုယ်ကို အဆုံးစီရင်ခဲ့သူကိုဝင်းမြင့်မှာ ပြီးခဲ့သည့် ဧပြီ ၁၉၊ ၂၀၊ ၂၉ ရက်များတွင် အိမ်နီးချင်းဖြစ်သူ အသက် ၁၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သားမယားပြုကျင့်ခဲ့ပြီးနောက် ထွက်ပြေးသွားခဲ့ရာ မေ ၁၁ ရက် နံနက်အစောပိုင်းတွင် မြို့သစ်နယ်မြေ ရဲစခန်းတာဝန်ရှိသူများက ဝင်းမြင့်အား ဖမ်းဆီးရမိခဲ့ပြီး ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူကာ ရဲစခန်းတွင် ချုပ်နှောင်ထားစဉ် နှစ်ရက်ခန့်တွင် မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့ခြင်းဖြစ်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

Most Read

Most Recent