ကျောက်ဆည်မြို့နယ်တွင် ဌာနပေါင်းစုံက သိမ်းဆည်းထားသည့်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဒေသခံတောင်သူများ သတင်းစာရှင်းလင်း

ကျောက်ဆည်မြို့နယ်တွင် ဌာနပေါင်းစုံက သိမ်းဆည်းထားသည့်ယာမြေများ ပြန်လည်ရရှိရေးအတွက် ဒေသခံတောင်သူများ သတင်းစာရှင်းလင်း
Published 14 May 2018

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မဆလအစိုးရလက်ထက်အတွင်း ဌာနပေါင်းစုံက သိမ်းဆည်းသွားခဲ့သည့် ယာမြေများမှာ လက်ရှိအချိန်တွင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိဘဲ သီးစားချထားနေသဖြင့် ဒေသခံတောင်သူများက သိမ်းဆည်းယာမြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲပြုလုပ်ကာ ဝင်ရောက်ထွန်ယက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မေ ၁၃ ရက် နံနက်ပိုင်းက မန္တလေးမြို့ရှိ မီဒီယာစင်တာ၌ သတင်းစာရှင်းလင်းပြောကြားသည်။

ကျောက်ဆည်မြို့နယ်၊ ဆူးလေကုန်းအုပ်စု၊ လေးဆယ်ကုန်းအုပ်စု၊ ရဲမအူအုပ်စု စသည့်ကျေးရွာများမှ ဒေသခံတောင်သူ ၂၀ ကျော်တို့၏ ယာမြေဧက ၂၀၀ ကျော်ကို မဆလအစိုးရလက်ထက်က တိမွေးကုဌာန၊ ခယက၊ မယက၊ ပြည်ခိုင်ဖြိုးအသင်းအပါအဝင် ဌာနပေါင်းစုံတို့က စီမံကိန်းအကြောင်းပြ သိမ်းဆည်းသွားခဲ့ကြောင်း၊ ထိုသို့ယာမြေများ သိမ်းဆည်းခံခဲ့ရပြီးနောက် ဒေသခံတောင်သူများမှာ ကြုံရာအလုပ်များလုပ်ကိုင်၍ ခက်ခဲစွာဖြင့် အသက်မွေးခဲ့ရကြောင်း၊ လက်ရှိအချိန်တွင် သိမ်းဆည်းယာမြေများကို စီမံကိန်းအတွက် အကောင်အထည်ဖော် ဆောင်ရွက်ထားခြင်းမရှိသည့်အပြင် သီးစားစနစ်ဖြင့် လွှဲပြောင်းချထားပေးမှုများ ပြုလုပ်နေသဖြင့် ဒေသခံတောင်သူများက ပြန်လည်လုပ်ကိုင်ခွင့်ရရှိရန်အတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေးဗဟိုကော်မတီ အစရှိသည့် သက်ဆိုင်ရာဌာနများထံသို့ အသနားခံစာ ပေးပို့တင်ပြထားကြောင်း သိရသည်။

“ကျွန်တော်တို့တောင်သူတွေကတော့ ကိုယ့်ယာမြေကိုယ်ပြန်ပြီးတော့ လုပ်ကိုင်ခွင့်ရချင်တယ်။ ပြန်ရဖို့အတွက် စာတွေတင်ပြထားတယ်။ လာရောက်စိစစ်ပေမဲ့လည်း အခုအချိန်အထိ ဘာမှမထူးခြားသေးဘူး။ နောက်လထဲမှာလဲ ဘာမှထူးခြားမလာဘူးဆိုရင် ကျွန်တော်တို့တောင်သူတွေက သိမ်းဆည်းယာမြေတွေထဲမှာ ထွန်တုံးတိုက်ပွဲလုပ်ပြီးတော့ ထွန်ယက်စိုက်ပျိုးသွားမှာပါ” ဟု ယာမြေသိမ်းဆည်းခံ တောင်သူတစ်ဦးဖြစ်သူ ဦးအေးကျော်က ဆိုသည်။

ယာမြေသိမ်းဆည်းခံ တောင်သူများက သိမ်းဆည်းယာမြေများ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးထံသို့ တိုင်ကြားစာများ ပေးပို့ထားကြောင်း၊ ယင်းသို့ တိုင်ကြားအသနားခံစာများ ပေးပို့ခဲ့မှုကြောင့် သက်ဆိုင်ရာက ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သော်လည်း ဒေသခံတောင်သူများမှ ပြန်လည်လုပ်ကိုင်ခွင့် မရရှိသေးသဖြင့် ထွန်တုံးတိုက်ပွဲပြုလုပ်ကာ ထွန်ယက်စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ဒေသခံတောင်သူများက ရှင်းလင်းပြောကြားခဲ့ကြသည်။

Most Read

Most Recent