ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်လာသူများကို ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့်အညီစိစစ်ပြီးမှ NVC ကတ်ထုတ်ပေးရန်နှင့် ဌာနေတိုင်းရင်းသားများလုံခြုံရေး အလေးထားရန် စစ်တွေမြို့တွင် ဆန္ဒထုတ်ဖော်

ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်လာသူများကို ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနှင့်အညီစိစစ်ပြီးမှ NVC ကတ်ထုတ်ပေးရန်နှင့် ဌာနေတိုင်းရင်းသားများလုံခြုံရေး အလေးထားရန် စစ်တွေမြို့တွင် ဆန္ဒထုတ်ဖော်
Published 14 May 2018

တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်လာမည့်သူများကို တိကျစွာစိစစ်ပြီးမှ NVC ကတ်ထုတ်ပေးရန်နှင့် ဌာနေတိုင်းရင်းသား လုံခြုံရေးကို အလေးထားဆောင်ရွက်ပေးရန် မေ ၁၃ ရက်တွင် စစ်တွေမြို့အချို့ ဆန္ဒထုတ်ဖော်စဉ်

ရခိုင်ပြည်နယ်သို့ ဝင်ရောက်လာမည့် ဘင်္ဂါလီများအား ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ တိကျစွာစိစစ်ပြီးမှ NVC ကတ်ထုတ်ပေးရန်နှင့် ဌာနေတိုင်းရင်းသားလုံခြုံရေးကို အလေးထားဆောင်ရွက်ပေးရေး စစ်တွေမြို့တွင် ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို မေ ၁၃ ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အစိုးရအနေဖြင့် တရားမဝင်ခိုးဝင်ဘင်္ဂါလီများအား NVC ကတ်ထုတ်ပေးရာတွင်လည်း အမှန်တကယ် ထုတ်ပေးသင့်သူများကိုသာ ထုတ်ပေးရေးနှင့် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားများ အက်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် ခိုးဝှက်ကာဝင်ရောက်နေသူများကိုလည်း ဘင်္ဂါလီကျေးရွာများအတွင်း တွေ့နေရသဖြင့် လုံခြုံရေးအရ စိစစ်ပေးရန် လိုအပ်ကြောင်းများကို ဆန္ဒထုတ်ဖော်သူများက ဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူများအနက် တစ်ဦးအပါအဝင်ဖြစ်သူ ဒေါ်ကျော့စိန်က “အစိုးရအနေနဲ့ ဘာမှမစစ်ဆေးဘဲ NVC ကတ်ပေးတယ်ဆိုတာကလည်း မဟုတ်သေးဘူးပေါ့၊ ကျွန်မတို့က လက်မခံဘူး။ အခုလည်း ဒေသခံတွေက ပြောနေကြတာက ဘင်္ဂါလီတွေ ခိုးဝင်နေကြပြီလို့ပြောတယ်။ အတိကျပြောဖို့တော့ ခက်တယ်။ အစိုးရအနေနဲ့ သေချာမစစ်ဆေးလို့ အခုလိုခိုးဝင်နေကြတာဖြစ်တယ်လို့ ထင်တယ်။ အထူးသဖြင့် ဘင်္ဂါလီကျေးရွာတွေမှာ ဝင်ရောက်နေထိုင်ကြတယ်၊ အဲဒီရွာထဲမှာဘဲ နေအိမ်ဆောက်လုပ် နေထိုင်သူတွေလည်းရှိတယ်လို့ သိရတယ်။ အစိုးအနေနဲ့စိစစ်ဖို့ လိုတယ်။ တခြားတိုင်းရင်းသားတွေနဲ့လည်း ပြဿနာဖြစ်အောင် လုပ်နေတယ်လို့မြင်ပါတယ်” ဟုပြောကြားသည်။

ဆန္ဒထုတ်ဖော်ရာ၌ အကြမ်းဖက်လူမျိုး အလိုမရှိ၊ မြန်မာနိုင်ငံသား၏ဥပဒေကို လေးစားပါ၊ အစိုးရမှ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအား အမြန်ဆုံးဆောင်ရွက်ပေးရေး ဒို့အရေး၊ NVC ကတ်အလိုမရှိ အစရှိသော ကြွေးကြော်သံများကိုလည်း ကြွေးကြော်ခဲ့ကြပြီး စစ်တွေမြို့ ဝင်္ကပါကွင်းမှ လမ်းမကြီးသို့ ဆိုင်းဘုတ်ပိုစတာများ ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာ စီတန်းလမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းသို့ ဝင်ရောက်လာမည့် ဘင်္ဂလီများအား NVC ကတ်ပေးရန် ပြင်ဆင်ထားပြီးဖြစ်သကဲ့သို့ လက်ခံရေးစခန်းများကိုလည်း ဆောက်လုပ်ထားရှိပြီးဖြစ်သည့်အတွက် တိုင်းရင်းသားများအနေဖြင့် စိုးရိမ်မှုများဖြစ်ပေါ်ခဲ့ပြီး ထပ်မံတိုက်ခိုက်ခံရမည်ကို စိုးရိမ်နေကြကြောင်းလည်း သိရသည်။

လွန်ခဲ့သည့် သြဂုတ် ၂၅ ရက်တွင် စခန်းပေါင်း ၃၀ ကျော်ကို တစ်ပြိုင်တည်းတစ်ချိန်တည်း တိုက်ခိုက်မှုများတွင် အကြမ်းဖက်သမားများနှင့်အတူ ကျေးရွားသားများ ပူးပေါင်းပါဝင်ခဲ့သည့်အတွက် ကျေးရွာများအတွင်း အကြမ်းဖက်ဘင်္ဂါလီများရှိနေနိုင်ပြီး အစိုးရအနေဖြင့် အကြမ်းဖက်သမားများကို ဖမ်းဆီးရန်လိုအပ်ကြောင်း၊ ပြန်လည်ဝင်ရောက်လာသူများအတွင်း အကြမ်းဖက်သမားများ ပါဝင်လာနိုင်ဖွယ်ရှိကြောင်းလည်း သုံးသပ်ပြောဆိုကြသည်။

Most Read

Most Recent