<

အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးနှစ်ဦးက ထိုးကြိတ်ကန်ကျောက်မှုကြောင့် ဒဏ်ရာရခဲ့သည်ဟုဆိုကာ YBS ယာဉ်မောင်းက တရားရုံးသို့ ဦးတိုက်လျှောက်ထားမှု မေ ၂၅ ရက်တွင် စတင်စစ်ဆေးမည်

အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးနှစ်ဦးဖြစ်သည့် ဦးကျော်နေ၀င်းနှင့် ဦးဇွဲနေ၀င်းတို့က ကန်ကျောက်ထိုးကြိတ်မှုကြောင့် ဒဏ်ရာရခဲ့သည်ဟုဆိုကာ YBS ယာဉ်မောင်းက ဦးတိုက်လျှောက်တိုင်ကြားမှုကို မေ ၂၅ ရက်တွင် လှိုင်သာယာမြို့နယ် တရားရုံး၌ စတင်စစ်ဆေးမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၈ ရက် နံနက် ၁၁ နာရီခန့်တွင် လှိုင်သာယာမြို့နယ် ကုလားကြီးစုကျေးရွာအုပ်စု ရန်ကုန်-ညောင်တုန်း လမ်းမဘေးတွင်ရှိသော YBS 20 ယာဉ်ရပ်နားဝင်းအတွင်းသို့ ယာဉ်မောင်း ဦးအောင်မြတ် (၃၃ နှစ်) မောင်းနှင်သော YBS 20 ယာဉ်မောင်းနှင်လာစဉ် အခြားယာဉ်မောင်းတစ်ဦးဖြစ်သည့် ဦးကျော်မင်းထွန်း (၃၈ နှစ်) မောင်းနှင်လာသည့် YBS 20 ယာဉ်တစ်စီးနှင့် တိုက်မိခဲ့ကြောင်း ယာဉ်မောင်းဦးအောင်မြတ်၏ တရားရုံးသို့ ဦးတိုက်လျှောက်တိုင်တန်းချက်အရ သိရသည်။

ယင်းသို့တိုက်မိမှုကြောင့် ယာဉ်၏လေကာမှန်များ ကွဲသွားသည့်အတွက် ယာဉ်ပိုင်ရှင်များဖြစ်သည့် အာဏာရှင်ဟောင်း ဦးနေ၀င်း၏ မြေးနှစ်ဦးဖြစ်သော ဦးကျော်နေ၀င်းနှင့် ဦးဇွဲနေ၀င်းတို့က ယာဉ်မောင်းဦးအောင်မြတ်ကို ခြေထောက်ဖြင့်ကန်ခြင်း၊ လက်ဖြင့်ရိုက်ခြင်း၊ လည်ပင်းညှစ်ခြင်းများ ပြုလုပ်ခဲ့ပြီးနောက် ၎င်းတို့က “တိုင်ချင်ရာတိုင် လစာမပေးနိုင်ဘူး” ဟုပြောဆို၍ အလုပ်မှထုတ်ပယ်ကာ ယာဉ်မောင်းဦးအောင်မြတ်၏ လိုင်စင်အား ယူထားလိုက်သည်ဟု ဦးအောင်မြတ်၏ တရားရုံးသို့ ဦးတိုက်လျှောက် တိုင်တန်းရာတွင်ပါရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို OMNI FOCUS ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ဦးထွန်းတောက်ဝင်းကို ဆက်သွယ်မေးမြန်းရာ ၎င်းက “ယာဉ်မောင်းနှစ်ဦးကိုတော့ ယာဉ်လိုင်းကနေ ထုတ်ပယ်လိုက်ပါပြီ။ အဲဒီဖြစ်စဉ်ဖြစ်ပြီးတဲ့ အချိန်ကတည်းက ထုတ်ပယ်လိုက်တာပါ။ လစာမဲ့အနေနဲ့ ထုတ်ပယ်တာပါ။ သူတို့ရဲ့ ယာဉ်မောင်းလိုင်စင်ကိုတော့ အဲဒီဖြစ်စဉ်ကို အမှုဖွင့်တဲ့နေ့ကတည်းက ကျွန်တော်တို့ယာဉ်မှုစစ်ကို ပေးထားပါတယ်။ ကန်ကျောက်တဲ့ဖြစ်စဉ် အဲဒီအပိုင်းကတော့ ကျွန်တော်မသိပါဘူး” ဟုပြောကြားသည်။

ထို့ပြင် YBS က ထုတ်ပြန်ထားသည့် ကုမ္ပဏီအလိုက် တာဝန်ရှိသူများစာရင်းတွင် ပါရှိသော OMNI FOCUS ကုမ္ပဏီမှ တာဝန်ရှိသူများဟု ဖော်ပြထားသည့် ဦးကျော်နေ၀င်း၏ ဖုန်းနံပါတ်အား ဆက်သွယ်ရာ ဖုန်းမှားနေကြောင်း ပြန်လည်ပြောကြားပြီး ဦးစန်းယု၏ဖုန်းကို ဆက်သွယ်၍ ဦးကျော်နေ၀င်း၏ဖုန်း တောင်းရာ ၎င်းက မသိရှိကြောင်း ပြန်လည်ဖြေကြားသည်။

အဆိုပါဖြစ်စဉ်ကို နိုင်ငံပိုင်သတင်းစာဖြစ်သည့် မြန်မာ့အလင်းသတင်းစာတွင် “YBS ယာဉ်မောင်းအား ယာဉ်ပိုင်ရှင်တို့က ခြေထောက်နှင့်ကန်၊ ထိုးကြိတ်၊ လည်ပင်းညှစ်မှုဖြစ်ပွား” ခေါင်းစဉ်ဖြင့်ဖော်ပြခဲ့ပြီး သတင်းတွင် ယာဉ်နှစ်စီးချိတ်မိခဲ့ရာ လေကာမှန်နှစ်ချပ် ကွဲသွားသဖြင့် ယာဉ်ပိုင်ရှင်များဖြစ်သော ဦးကျော်နေ၀င်းနှင့် ဦးဇွဲနေ၀င်းတို့က ဦးအောင်မြတ်ကို ခြေထောက်နှင့်ကန်ခြင်း၊ ထိုးကြိတ်ခြင်း၊ လည်ပင်းညှစ်ခြင်းတို့ပြုလုပ်ခဲ့ရာ ဦးအောင်မြတ်တွင် ဒဏ်ရာရရှိခဲ့သည့်အပြင် အလုပ်မှထုတ်ပယ်မည်ဖြစ်ကြောင်း ပြောဆို၍ ဦးအောင်မြတ်နှင့် ဦးကျော်မင်းထွန်းတို့၏ ယာဉ်မောင်းလိုင်စင်များအား သိမ်းဆည်းခဲ့ကြောင်း၊ ဦးအောင်မြတ်ရရှိသောဒဏ်ရာကို လှိုင်သာယာပြည်သူ့ဆေးရုံသို့ သွားရောက်ပြသကာ ပြင်ပလူနာအဖြစ် ဆေးကုသခံယူခဲ့ရကြောင်း ပါရှိသည်။

ယင်းဖြစ်စဉ်ကို ဦးအောင်မြတ်က မေ ၁၁ ရက် နံနက် ၁၀ နာရီခန့်တွင် လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေရဲစခန်းသို့ တိုင်တန်းခဲ့ရာ ရဲစခန်းက တရားရုံးသို့ ဦးတိုက်လျှောက်ပေးသဖြင့် လှိုင်သာယာမြို့နယ်တရားရုံးက ရာဇသတ်ကြီးအမှုအမှတ် (၁၃၉၈/၂၀၁၈) ဖြင့် တွဲဖက်တရားသူကြီး (၁) ဒေါ်သိင်္ဂီမြင့်အောင်က လက်ခံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံပိုင်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မောင်း ကိုအောင်မြတ်က “ကျွန်တော်ကားပြင်ပြီး ၀ပ်ရှော့ကပြန်အထွက်မှာ သူတို့ညီအစ်ကိုနှစ်ယောက်က ရောက်လာပြီး ဆဲတယ်ဆိုတယ်။ ပြီးတော့ သူတို့နှစ်ယောက်က ကျွန်တော့်ကိုကန်တယ်။ နားရင်းကိုလည်း ရိုက်တယ်။ ကားချိတ်မိလို့ဆိုပြီး။ ကျွန်တော့်ကို အမှုဖွင့်မယ်ဆိုပြီးလည်းပြောတယ်။ နောက်တော့ ကျွန်တော့်ကို အလုပ်ကထုတ်ပါတယ်။ လစာလည်း မရပါဘူး။ ယာဉ်မောင်းလိုင်စင်လည်း သိမ်းသွားပါတယ်။ ခုချိန်အထိ ယာဉ်မောင်းလိုင်စင် ပြန်မရသေးပါဘူး။ ဒီအလုပ်လေးနဲ့ပဲ မိသားစုဝမ်းရေး ဖြေရှင်းနေရတော့ ဒီယာဉ်လိုင်စင်မရှိတော့ မိသားစုစားဝတ်နေရေး တော်တော်ခက်ခဲပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ခုလိုအလုပ်ရှင်တွေက အလုပ်သမားတွေအပေါ်မှာ နိုင်ထက်စီးနင်းဆက်ဆံတာ၊ ပြုမူတာတွေ မဖြစ်စေချင်ပါဘူး။ ဒါကြောင့် တရားရုံးကို ဦးတိုက်လျှောက်ခဲ့တာပါ” ဟုပြောကြားသည်။

အဆိုပါဖြစ်စဉ်ကို OMNI FOCUS YBS 20 Facebook စာမျက်နှာတွင် ကားဝင်းအတွင်းအရောက်၌ ယာဉ်မောင်းကျော်မင်းထွန်း မောင်းနှင်သည့်ယာဉ်နှင့် ယာဉ်မောင်း အောင်မြတ် မောင်းနှင်သည့်ယာဉ်တို့ ထိခိုက်မှုဖြစ်ခဲ့ပြီး ၎င်းတို့နှစ်ဦးကို ယာဉ်မှုစစ်ရုံး၌ အမှုတွဲအမှတ် (ပ)၂၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်တရားစွဲဆိုထားပြီး ထိခိုက်မှုဖြစ်သည့်ယာဉ်များကို ဧပြီ ၂၉ ရက်တွင် သွားရောက်ပြသ စစ်ဆေးခံခဲ့ရကြောင်း ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

ထို့ပြင် ယာဉ်ဝင်းအတွင်း အရှိန်ပြင်းမောင်းနှင်ခြင်းအား ပြင်းထန်စွာတားမြစ်ထားသကဲ့သို့ မိမိယာဉ်အချင်းချင်း ထိခိုက်ခြင်းကိုလည်း ဖြစ်စဉ်အပေါ်မူတည်ပြီး လုံးဝလက်ခံစဉ်းစားမည်မဟုတ်ဘဲ လစာမဲ့ထုတ်ပယ်ခြင်း၊ အမှုဖွင့် အရေးယူခြင်းများ ပြုလုပ်သည်ကို ယာဉ်မောင်းများ သိရှိနားလည်အောင် ယခင်ကတည်းကပင် အဆင့်ဆင့်မှာကြားခဲ့ပြီး ဖြစ်သည်ဟူ၍လည်းကောင်း၊ ယခုကဲ့သို့ စည်းကမ်းမဲ့စွာ ပြုမူမောင်းနှင်သော ယာဉ်မောင်းများ၊ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် လုပ်ကိုင်ရန် မသင့်ကြောင်းစာများ ဖြန့်ဝေပြီးဖြစ်သည်ဟူ၍လည်းကောင်း OMNI FOCUS YBS 20 Facebook စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

အဆိုပါဖြစ်စဉ်ကို တစ်စုံတစ်ရာအမှန်မသိရှိဘဲ ဦးကျော်နေ၀င်း၊ ဦးဇွဲနေ၀င်းတို့မှ ထိခိုက်ဒဏ်ရာ ရအောင်လုပ်သည်ဟု စွပ်စွဲပြောဆိုလျက်ရှိပါသည်။ ယာဉ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ဒဏ်ရာဖြစ်သည်ကို ယခုကဲ့သို့ မမှန်သတင်းလွှင့်သူများအား သက်ဆိုင်ရာ တရားဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး မပြုလုပ်ကြရန် မေတ္တာရပ်ခံအပ်ပါသည်ဟု OMNI FOCUS YBS 20 Facebook စာမျက်နှာတွင် ဆက်လက်ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

OMNI FOCUS ကုမ္ပဏီအနေဖြင့် လက်ရှိတွင် ရန်ကုန်မြို့၌ YBS 20၊ YBS 56၊ YBS 83 များ ပြေးဆွဲလျက်ရှိပြီး အခြားယာဉ်လိုင်းများလည်း ထပ်မံပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။

May 13, 2018














Copy Protected by Chetan's WP-Copyprotect.