မန္တလေးခရိုင်တွင် ယခုနှစ်လေးလတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု ယခင်နှစ်ကာလတူထက် ပိုများ

မန္တလေးခရိုင်တွင် ယခုနှစ်လေးလတွင်း ယာဉ်တိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိမှု ယခင်နှစ်ကာလတူထက် ပိုများ
Published 14 May 2018

မန္တလေးခရိုင် ခုနစ်မြို့နယ်တွင် ယခုနှစ်လေးလတွင်း ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရရှိသူဦးရေ ယခင်နှစ်ကာလတူထက် များလာကြောင်း အမှတ် (၁၄) ယာဉ်ထိန်းရဲဒုတိယတပ်ဖွဲ့ခွဲ (မန္တလေး) ၏ ယာဉ်တိုက်မှုကာလတူ နှိုင်းယှဉ်ချက် စာရင်းဇယားများအရ သိရသည်။

ဇန်နဝါရီမှ ဧပြီလအထိ ဖြစ်ပွားမှုများကိုကြည့်လျှင် ၂၀၁၇ ခုနှစ်တွင် ယာဉ်တိုက်မှု ၁၀၉ မှု သေဆုံးသူ ၆၁ ဦး ဒဏ်ရာရသူ ၁၀၄ ဦးရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ယာဉ်တိုက်မှု ၁၅၂ မှု သေဆုံးသူ ၇၀ ဦး ဒဏ်ရာရသူ ၁၅၆ ဦးအထိရှိလာကြောင်း သိရသည်။

ယခုနှစ်လေးလအတွင်း ယာဉ်တိုက်မှုများတွင် ဆိုင်ကယ်၊ ကားပါဝင်သော ယာဉ်တိုက်မှုထက် ဆိုင်ကယ်ပါဝင်သော ယာဉ်တိုက်မှုအများဆုံးဖြစ်နေပြီး ဖြစ်ပွားမှုအများဆုံးအချိန်သည် မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအထိဖြစ်ပြီး ဒုတိယအများဆုံးအချိန်သည် နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီအထိဖြစ်ကြောင်းနှင့် မဆင်မခြင်မောင်းနှင်မှုကြောင့် ၁၁၆ မှု၊ အရှိန်ပြင်းမောင်းနှင်မှု ၂၁ မှု၊ ယာဉ်မောင်းမကျွမ်းကျင်မှု ၁၃ မှု၊ မူးယစ်မောင်းနှင်မှု နှစ်မှုရှိခဲ့ကြောင်း သိရသည်။

မန္တလေးမြို့အတွင်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပိုမိုကောင်းမွန်စေရေးအတွက် မြို့တွင်း မြို့ပြင် လမ်းပိုင်းအလိုက် စစ်ဆေးခြင်း ပညာပေးခြင်းများ သတ်မှတ်ကာ စည်းကမ်းပျက်ယာဉ်များအား စစ်ဆေးအရေးယူခြင်းကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့၊ တိုင်းဒေသကြီးပို့ဆောင်ရေး စီမံကိန်းဦးစီးဌာန၊ တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ မော်တော်ယာဉ်လိုင်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၊ စည်ပင်သာယာရဲတပ်ဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးဝန်ထမ်းများနှင့် ပူးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မန္တလေးမြို့၏ Down Town ဧရိယာအတွင်း စည်းကမ်းချိုးဖောက်မှုများအား လှည့်လည်စစ်ဆေးအရေးယူခြင်း ညပိုင်းတွင် ကျုံးပတ်လည်လမ်းများနှင့် အချက်အခြာကျသော လမ်းဆုံများမှ အိပ်ဇောစက်သံဆူညံသော ဆိုင်ကယ်နှင့် ပြိုင်ကားအသွင်သဏ္ဌာန် မော်တော်ယာဉ်များကို စစ်ဆေးအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent