ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာတွင် လူမနေသည့် နေအိမ်တစ်လုံးမှစ၍ နေအိမ် ၉၄ လုံး မီးကူးစက်လောင်ကျွမ်း

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာတွင် လူမနေသည့် နေအိမ်တစ်လုံးမှစ၍ နေအိမ် ၉၄ လုံး မီးကူးစက်လောင်ကျွမ်း
Published 14 May 2018

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာ မီးလောင်မှုဖြစ်ပွားပြီးနောက် တွေ့ရစဉ် (Photo: Khinmg htoo)

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာတွင် မေ ၁၂ ရက် ည ၁၁ နာရီခွဲခန့်တွင် လူမနေသည့် နေအိမ်တစ်လုံးမှစတင်ကာ နေအိမ် ၉၄ လုံး ကူးစက်မီးလောင်ခဲ့ကြောင်း မြို့နယ်မီးသတ်စခန်းမှ သိရသည်။

“ဝဘော်ကြီးမှာ နေအိမ်စုစုပေါင်း ၉၄ လုံး မီးလောင်ခဲ့ပါတယ်။ မီးက ရှို့မီးဖြစ်ပြီးတော့ လူမနေတဲ့ အဘိုးကြီးအိမ်က စလောင်တာပါ။ လူမနေတဲ့အိမ်က ဦးအောင်ဘသိန်း အသက် ၇၈ နှစ်ဆိုသူရဲ့အိမ်ပါ။ သူတို့က ပြောင်းရွှေ့သွားပါပြီ။ မီးလောင်သွားတဲ့ ၉၄ လုံးထဲမှာ လူမရှိတဲ့အိမ်က ၆၈ လုံးပါ။ အဲဒီ ၆၈ လုံးကလူတွေက သီလာဆိုတဲ့ရွာကို ပြောင်းသွားပါပြီ။ ၂၆ လုံးမှာ လူရှိပါတယ်။ မီးဘေးသင့်သူ ၁၀၃ ဦးက အခုလောလောဆယ်မှာ Cyclone Shelter နဲ့ ဘုန်းကြီးကျောင်းမှာ နေပါတယ်” ဟု မြေပုံမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးမင်းသူက ပြောကြားသည်။

အဆိုပါ ဝဘော်ကြီးကျေးရွာသည် ယခင်က အိမ်ခြေ ၁၇၅ လုံးရှိခဲ့သော်လည်း ရာသီဥတုဒဏ်ကို စိုးရိမ်သဖြင့် နေအိမ်အလုံး ၄၀ သည် ရန်ကုန်-စစ်တွေ ကားလမ်းနံဘေး သီလာကျေးရွာသို့ ပြောင်းရွှေ့ခဲ့ရာ လက်ရှိကျေးရွာတွင် နေအိမ် ၁၃၅ လုံးရှိသော ကျေးရွာဖြစ်ကြောင်း သိရသည်။

“မီးက မနေ့ကည ၁၁ နာရီလောက်မှာ လူမနေတဲ့နေအိမ်တစ်လုံးက စလောင်တာဖြစ်တယ်။ အားလုံး ကူးစက်လောင်သွားတာပါ။ မီးမလောင်တဲ့နေအိမ်က အလုံး ၄၀ ကျန်ပါတယ်။ မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ်က ၉၀ ကျော်ဖြစ်ပါတယ်။ မီးဘေးဒုက္ခရောက်နေသူတွေက Cyclone Shelter နဲ့ ဘုန်းကြီးကျောင်းမှာ နေကြပါတယ်။ မြို့နယ်က တာဝန်ရှိသူတွေလည်း ရောက်နေကြပါပြီ” ဟု ဝဘော်ကြီးကျေးရွာသို့ ရောက်ရှိနေသည့် ဦးကျော်သိန်းက ပြောကြားသည်။

လက်ရှိ ဝဘော်ကြီးကျေးရွာတွင် နေထိုင်သူဦးရေမှာ ကျား ၂၈၅ ဦး၊ မ ၃၀၂ ဦးပေါင်း ၅၈၇ ဦးရှိကြောင်း သိရသည်။

နေအိမ် ၉၄ လုံး မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည့် မြေပုံမြို့နယ် ဝဘော်ကြီးကျေးရွာ မီးလောင်မှုမှာ မသမာသူတစ်ဦးက ဝါးအိမ်ထရံသို့ မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
ပြည်နယ်မီးသတ်တပ်ဖွဲ့ သတင်းထုတ်ပြန်ချက်တွင် မေ ၁၂ ရက် ည ၁၁ နာရီခွဲခန့်တွင် မြေပုံမြို့နယ် ကမ်းထောင့်ကြီးတိုက်နယ် ဝဘော်ကြီးကျေးရွာတွင် မသမာသူတစ်ဦးက ဝါးအိမ်ထရံသို့ မီးရှို့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ ရွာသူရွာသားများနှင့် ကျေးရွာရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်သဖြင့် မေ ၁၃ ရက် နံနက် ၁ နာရီခွဲခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၅ နာရီတွင် မီးငြိမ်းခဲ့ကြောင်း၊ သတင်းရရှိသဖြင့် မြေပုံမြို့နယ် မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်၍ တပ်ဖွဲ့ဝင်နှစ်ဦး၊ မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း ပါရှိသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ (၁၅×၂၀×၁၂) ပေရှိ အိမ်ခြေငါးလုံး၊ သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ (၁၃×၂၀×၁၀) ပေရှိ အိမ်ခြေ ၁၄ လုံး၊ သွပ်မိုး၊ RC (၁၂×၂၀×၂၀) ပေ နှစ်ထပ်အိမ်တစ်လုံး၊ ဓနိမိုး၊ ဝါးကာ၊ ဝါးခင်း (၁၅×၂၀×၁၂) ပေရှိ အိမ်ခြေ ၁၅ လုံးနှင့် ဓနိမိုး၊ ဝါးကာ၊ ဝါးခင်း (၁၂×၂၀×၁၂) ပေရှိ အိမ်ခြေ ၅၉ လုံး စုစုပေါင်းအိမ်ခြေ ၉၄ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

Most Read

Most Recent