NCA လက်မှတ်ရေးထိုးထားသော RCSS နှင့် PNLO တို့ ကဒူးကြီးဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား

NCA လက်မှတ်ရေးထိုးထားသော RCSS နှင့် PNLO တို့ ကဒူးကြီးဒေသတွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား
Published 14 May 2018

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားကြသော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) နှင့် ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မောက်မယ်မြို့နယ် ကဒူးကြီးဒေသ မန့်စီရွာအနီးတွင် မေ ၁၁ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နှစ်ဖက်တပ်ဖွဲ့ထံမှ သိရသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တပ်ဖွဲ့ဝင်များ နယ်မြေကျွံလာသည့်အတွက် နှစ်ဖက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်တိုက်ခိုက်မှုသည် ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ကာ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာ ရရှိမှုများရှိခဲ့သည်ဟု ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ နာယကဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

သို့သော်လည်း ကဒူးကြီးဒေသတွင်ရှိသည့် RCSS တပ်စခန်းတစ်ခုကို PNLO က ဝင်ရောက်တိုက်ခိုက်ခြင်းကြောင့်သာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်ဖက်သွားလာလှုပ်ရှားမှုများနှင့် ပတ်သက်၍ တစ်ဖက်နှင့်တစ်ဖက် အသိပေး၍ လှုပ်ရှားသွားလာခြင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ တောင်ကြီးဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောကြားသည်။

“အောက်ခြေမှာ သူတို့အချင်းချင်း သိနေကြတာပဲ။ နှစ်ဖက်တိုက်ပွဲမဖြစ်တာလည်း ကြာနေပြီလေ။ နောက်ပြီးတော့ JMC မှာလည်း သူတို့ကတွေ့နေကြတာပဲ။ နှစ်ဖက်တပ်တွေ တွေ့ဖြစ်ကြတယ်ပေါ့။ အဲဒီတော့ ကျွန်တော်တို့က တိုက်ပွဲဖြစ်တယ်လို့ ကြားတော့တောင် အံ့သြနေသေးတယ်။ ဘယ်လိုဖြစ်တာလဲပေါ့။ အဲဒီတော့ ကျွန်တော်တို့အထက်လူကြီးက တစ်ဖက်နဲ့တစ်ဖက် သတင်းပေးပြီးသွားနေကြတာပဲ။ မဖြစ်သင့်ဘူးလို့ ပြောတာပေါ့” ဟု ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်း နှစ်ဖွဲ့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားကြသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်ကြသည့်အတွက် ယခုပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တွင် တင်ပြဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်အတွင်းက ကဒူးကြီးဒေသ နာဟီးကျေးရွာဘက်တွင် ဖြစ်ပွားခဲ့သော RCSS နှင့် PNLO တို့၏တိုက်ပွဲကြောင့် ဒေသခံ ၂၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယခုဖြစ်စဉ်တွင်မူ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူများ မရှိကြောင်း သိရသည်။

Most Read

Most Recent