နယ်စပ်ဒေသတည်ငြိမ်ရေးကို ဖျက်ဆီးသောအပြုအမူများနှင့် မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အား တမင်နှောင့်ယှက်သော အပြုအမူများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ထုတ်ပြန်

နယ်စပ်ဒေသတည်ငြိမ်ရေးကို ဖျက်ဆီးသောအပြုအမူများနှင့် မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်အား တမင်နှောင့်ယှက်သော အပြုအမူများကို ပြတ်ပြတ်သားသား ဆန့်ကျင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး ထုတ်ပြန်
Published 14 May 2018

ထိခိုက်ဒဏ်ရာရရှိသူများအား မူဆယ်ဆေးရုံတွင် တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းကိုကို)

တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေးကို ဖျက်ဆီးသော အပြုအမူများနှင့် မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို တမင်သက်သက်နှောင့်ယှက်သော အပြုအမူများကို မိမိတို့သည် ပြတ်ပြတ်သားသား ဆန့်ကျင်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မေ ၁၃ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

မေ ၁၂ ရက်တွင် မြန်မာတပ်မတော်နှင့် ရဲတပ်ဖွဲ့သည် တရုတ်နိုင်ငံနှင့် နီးကပ်သော မြန်မာနိုင်ငံမြောက်ပိုင်း မူဆယ်ဒေသတွင် အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် စစ်ရေးပဋိပက္ခ ဖြစ်ပွားနေခြင်းကြောင့် မြန်မာနိုင်ငံသား အထိအခိုက်အကျအဆုံးရရှိစေပြီး အချို့နယ်စပ်အရပ်သူ၊ အရပ်သားများသည် တရုတ်နိုင်ငံအတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း၊ ထို့ပြင် အချို့ကျည်ဆန်များသည် တရုတ်နိုင်ငံအတွင်းသို့ ကျလာနေကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးသည် ၎င်းအကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချ၍ သက်ဆိုင်ရာအရပ်သားများ၏ အပြစ်မရှိသေဆုံးခြင်းအတွက် ဝမ်းနည်းကြောင်းကို ဖော်ပြလိုက်သည်ဟု ကြေညာချက်တွင် ပါရှိသည်။

ထို့ပြင် တရုတ်ဘက်သည် မြန်မာနိုင်ငံသက်ဆိုင်ရာကို တည်ကြည်လေးနက်စွာ ဆက်စပ်ညှိနှိုင်းပြီး စစ်ရေးပဋိပက္ခနှင့် သက်ဆိုင်သည့် အဘက်ဘက်များသည် ချုပ်တည်းခြင်းကို ထိန်းသိမ်း၍ အပစ်အခတ်ချက်ချင်း ရပ်စဲကြောင်း၊ အဘက်ဘက်သည် စစ်ရေးပဋိပက္ခ ကြီးကျယ်လာမှုကို ရှောင်ရှားရန် ထိရောက်တိကျဆော ဆောင်ရွက်ချက်ကို လုပ်ကိုင်ဆောင်ရွက်ကြောင်း၊ တရုတ်- မြန်မာနယ်စပ်ဒေသ၏ တည်ငြိမ်အေးချမ်းမှုကို မြန်နိုင်သလောက် ပြန်လည်ရရှိပြီး တရုတ်နယ်စပ်ဒေသ အရပ်သားများ၏ အသက်၊ ဘဝနှင့်ဥစ္စာဓနလုံခြုံမှုကို ကာကွယ်စောင့်ရှောက်ကြောင်း စသည်တို့ကို တောင်းဆိုလိုက်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုအခါတွင် မြန်မာနိုင်ငံ အဘက်ဘက်သည် တတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံညီလာခံကို အာရုံစိုက်ပြင်ဆင်ပြုလုပ်နေကြောင်း၊ တရုတ်နိုင်ငံသည်လည်း မြန်မာဘက်၏ လိုအပ်ချက်နှင့်အညီ တက်တက်ကြွကြွ ကူညီထောက်ပံ့နေကြောင်း၊ တရုတ်-မြန်မာ နယ်စပ်ဒေသတည်ငြိမ်ရေးကို ဖျက်ဆီးသော အပြုအမူများနှင့် မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ကို တမင်သက်သက်နှောင့်ယှက်သော အပြုအမူများကို ကျွန်တော်တို့သည် ပြတ်ပြတ်သားသား ဆန့်ကျင်နေကြောင်း ကြေညာချက်တွင် ပါရှိသည်။

သက်ဆိုင်ရာအဘက်ဘက်များသည် ညှိနှိုင်းဖလှယ်ခြင်း၊ အပြန်အလှန်ယုံကြည်မှုကို တိုးမြှင့်ခြင်း၊ တူညီသောဦးတည်ချက်သို့ ချီတက်ခြင်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပြီး မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အပြုသဘောဆောင် အခန်းကဏ္ဍကို ဆောင်ရွက်ရပါသည်ဟု မေတ္တာရပ်ခံပန်ကြားအပ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် တအန်းလက်နက်ကိုင်အဖွဲ့ (TNLA) အဖွဲ့က ဝင်ရောက်ပစ်ခတ်မှုကြောင့် ဒေသခံအရပ်သား အမျိုးသား ၁၃ ဦး၊ အမျိုးသမီးနှစ်ဦး၊ ရဲအရာရှိတစ်ဦး၊ ပြည်သူ့စစ်သုံးဦး စုစုပေါင်း ၁၉ ဦး သေဆုံးခဲ့ပြီး အရပ်သားအမျိုးသား ၁၇ ဦး၊ အမျိုးသမီးတစ်ဦး၊ ရဲတပ်ဖွဲ့ဝင်သုံးဦး၊ ပြည်သူ့စစ်ခြောက်ဦး စုစုပေါင်း ၂၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မေ ၁၂ ရက်က ရေးသားထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၁၂ ရက်က သတင်းထုတ်ပြန်ခဲ့ရာတွင် TNLA အဖွဲ့သာမက ကချင်လက်နက်ကိုင်အဖွဲ့ (KIA) လည်း ပစ်ခတ်တိုက်ခိုက်မှုတွင်ပါဝင်ကြောင်း ဖော်ပြထားသည်။

Most Read

Most Recent