ရန်ကုန်မြို့ရှိ စီမံကိန်းဧရိယာ ဧက ၅၀,၀၀၀ တွင် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရန် လျာထား

ရန်ကုန်မြို့ရှိ စီမံကိန်းဧရိယာ ဧက ၅၀,၀၀၀ တွင် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း အကောင်အထည်ဖော်ရန် လျာထား
Published 13 May 2018

ရန်ကုန်မြို့ရှိ ဆိပ်ကမ်းတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်ဘက်အခြမ်းရှိ စီမံကိန်းဧရိယာ ဧက ၅၀,၀၀၀ တွင် ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်စီမံကိန်း အကောင်အထည်ဖော်ရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ရန်ကုန်မှာ ပင်လယ်ဘက်ကို ဆိပ်ကမ်းတည်ဆောက်နိုင်တဲ့ အခြေအနေ ရှိပါတယ်။ ရန်ကုန်ရဲ့တစ်ဘက်ခြမ်းမှာရှိနေတဲ့ သီလဝါအထူးစီးပွားရေးဇုန်နဲ့အတူ ဒီဘက်မှာ ရန်ကုန်အထူးစီးပွားရေးဇုန်တစ်ခုကို တည်ဆောက်မယ်ဆိုရင်လည်း ဆောင်ရွက်လို့ရတဲ့ အခြေအနေပါ” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့၏ တစ်ဖက်ခြမ်းတွင် ရန်ကုန်အထူးစီးပွားရေးဇုန်တစ်ခု တည်ဆောက်နိုင်ရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်နေကြောင်း သိရသည်။

“ဆိပ်ကမ်းကို ပင်လယ်ဘက်ကို ရွှေ့လို့ရပါတယ်။ လောလောဆယ် မြို့လယ်ကောင်မှာရှိနေတဲ့ ရန်ကုန်ဆိပ်ကမ်းကတော့ ၂၄ နာရီ သုံးစွဲနိုင်တဲ့ အခြေအနေမှာ မရှိပါဘူး။ ဘာကြောင့်လဲဆိုရင် ရန်ကုန်ဆိပ်ကမ်းထဲမှာ ကုန်တင်ကုန်ချတွေကို လုပ်နိုင်တယ်။ ဒါပေမဲ့ ကုန်စည်ကို စက်မှုဇုန်တွေကို ထွက်မယ်ဆိုရင်တော့ နေ့အချိန်မှာထွက်ဖို့ အခက်အခဲ ရှိပါတယ်။ အရေးပေါ်ကိစ္စရပ်တွေကိုသာ နေ့အချိန်မှာ ယာဉ်တန်းနဲ့ ထုတ်ပေးနေတဲ့ အခြေအနေဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ကြောင့် ၂၄ နာရီ ကုန်တင်ကုန်ချ ဆောင်ရွက်နိုင်မည့် ဆိပ်ကမ်းများ လိုအပ်နေကြောင်း၊ လက်ရှိတွင် သီလဝါဆိပ်ကမ်းရှိကြောင်း၊ သီလဝါဆိပ်ကမ်းသည် ရန်ကုန်မြစ်၏ အရှေ့ဘက်ကမ်းတွင်ဖြစ်သည့်အတွက် ရန်ကုန်မြို့အရှေ့ရှိ စက်မှုဇုန်များတွက် အဆင်ပြေသည့် ဆိပ်ကမ်းတစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း ရန်ကုန်မြို့ အနောက်ဘက်ခြမ်းရှိ လှိုင်သာယာ၊ ရွှေပြည်သာတို့ရှိ စက်မှုဇုန်များအတွက်မူ သီလဝါဆိပ်ကမ်းမှ ကုန်းလမ်းမှ မောင်းနှင်ပါက မိုင်လေးဆယ်ခန့်အထိ မြို့ပတ်မောင်းနေရသည့် အနေအထားဖြစ်ကြောင်း၊ မြစ်၏အနောက်ဘက်ခြမ်းတွင် တည်ဆောက်ထားမည်ဆိုပါက ၁၀ မိုင်ခန့်သာ ရှိနေကြောင်း ၎င်းက ဆိုသည်။

ရေကြောင်း ကုန်သွယ်မှု၏ ရာခိုင်နှုန်း ၉၀ ကျော်ကို ရန်ကုန်ဆိပ်ကမ်းမှ ဆောင်ရွက်နေရသည့်အတွက် အခြားကမ်းရိုးတန်းဆိပ်ကမ်းများကိုလည်း အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းဖြစ်အောင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ မြေနေရာ အနေအထားအရ ကမ်းရိုးတန်းအရှည်မိုင်ပေါင်း ၁၃၈၅ မိုင်ရှိပြီး ယင်းဧရိယာအတွင်း ဆိပ်ကမ်းစုစုပေါင်း ကိုးခုရှိသည်။ အဆိုပါ ဆိပ်ကမ်းများအနက် ရန်ကုန်ဆိပ်ကမ်းတစ်ခုတည်သာ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းဖြစ်ကြောင်း သိရသည်။

လက်ရှိရန်ကုန်ဆိပ်ကမ်းတွင် ရန်ကုန်တွင်းဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်း နေရာနှစ်ခုခွဲထားပြီး ယင်းနေရာနှစ်ခုပေါင်းဧရိယာကို ရန်ကုန်ဆိပ်ကမ်းအဖြစ် သတ်မှတ်ထားခြင်း ဖြစ်ကြောင်း၊ ယင်းနေရာ နှစ်ခုပေါင်း ရန်ကုန်ဆိပ်ကမ်း၌ စုစုပေါင်း သင်္ဘောအစင်း အရေအတွက် ၃၆ စင်း တစ်ပြိုင်နက် ဆိုက်ကပ်ရပ်နားနိုင်ပြီး ရေကြောင်းကုန်သွယ်မှု၏ ရာခိုင်နှုန်း ၉၀ ကျော်အထိ ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများအား ပုဂ္ဂလိကလုပ်ငန်းရှင်များပူး ပေါင်းဆောင်ရွက်မှုကို ၁၉၉၆ ခုနှစ်မှ စတင်ကာ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပုဂ္ဂလိကနှင့် ပူးပေါင်းဆောင်ရွက်မှုသည် ၉၃ ဒသမ ၆ ရာခိုင်နှုန်းရှိပြီး နိုင်ငံတော်မှ တိုက်ရိုက်ဆောင်ရွက်မှုသည် ၆ ဒသမ ၄ ရာခိုင်နှုန်းသာ ကျန်ရှိကြောင်း သိရသည်။

Most Read

Most Recent